Friday, May 23, 2008

Steve Vai


ဂစ်တာအကျော်အမော်တွေအများကြီးထဲက ကျွန်တော့်အနေနဲ့အရမ်းကြိုက်မိတဲ့ ဂစ်တာအကျော်မော်တစ်ယောက်ကတော့ Steve Vai ပါ။ သူ့ရဲ့ Guitar Instrumental သီချင်းတွေဟာ အလွန်ကောင်းသလို သူ့ရဲ့ stage ပေါ်မှာတီးတဲ့ တီးဟန် style ကလည်း တစ်မျိုးထူးခြားပါတယ်။ သီချင်းကိုလက်ကနေတီးနေသလို သူကလည်းစင်ပေါ်မှာ သီချင်းနဲ့အတူမြောပါနေတဲ့အတိုင်း သူ့ရဲ့သီချင်းတိုင်းကို ခံစားမှုအပြည့်နဲ့ တီးခတ်တဲ့သူတစ်ယောက်ပါ။ သူ့ရဲ့သီချင်းတွေကိုကြည့်မယ်ဆိုရင်လည်း အလွန်သာယာနာပျော်ဖွယ်ကောင်းတဲ့ melody တွေ၊ ပညာသားပါပါနဲ့တီးသွားနဲ့ solo riff တွေ၊ tempo အနှေး အမြန်၊ စတာတွေကို အချိုးကျကျနဲ့ဖွဲ့စည်းထားတာကိုတွေ့ရမှာပါ။ သူ့ရဲ့သီချင်းတွေဟာ ရိုးသွားတယ်လို့မခံစားရပဲ ကြာကြာနားထောင်လေ နားထဲစွဲလေ၊ သီချင်းကိုနှစ်သက်လာလေ၊ သီချင်းကိုပိုပြီးခံစားလိုကောင်းလာလေဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော်ကတော့ သီချင်းတစ်ပုဒ်မှာ အနှေး အမြန်၊ အတက် အကျ စသဖြင့် ခံစားမှုပေါင်းစုံကို အချိုးကျကျ ရောစပ်တတ်တဲ့ Steve Vai ကိုကျွန်တော့် အကြိုက်ဆုံးလို့သတ်မှတ်ထားပါတယ်။

Steve Vai ကို ၁၉၆၀ နယူးယောက် မှာမွေးခဲ့ပါတယ်။ သူဟာ အသက် ၁၀ နှစ် ၁၁ နှစ်သားအရွယ်မှာ သူ့ရဲ့ ပထမဆုံးသီချင်းကို ရေးခဲ့ပါတယ်။ အဲဒီအရွယ်ကစပြီး သူဟာ အပျော်တမ်း Band ပေါင်းများစွာမှာ vocal, keyboard, guitar စသဖြင့်အမျိုးမျိုးတီးခတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ Berklee College of Music မှာတက်ခဲ့ပါတယ်။ ပြီးတော့ Steve Vai ဟာ ဂစ်တာအကျော်အမော်တစ်ယောက်ဖြစ်တဲ့ Joe Satriani ဆီကနေ ဂစ်တာလေ့ကျင့်ခန်းတွေယူခဲ့ပါတယ်။

Steve ဟာသူ့ professional တစ်ယောက်အဖြစ် ပထမဆုံးဝင်ပြီးတီးခတ်ခဲ့တဲ့ Band ကတော့ Frank Zappa band ပါ။ ၁၉၈၀ ကနေ ၁၉၈၂ လောက်အထိ အဲဒီ့ band မှာ တီးနေခဲ့ပြီး လူသိများလာခဲ့ပါတယ်။ ၁၉၈၄ မှာတော့ သူဟာ သူ့ရဲ့ ပထမဆုံး instrumental album ဖြစ်တဲ့ Flex-able ကိုထုတ်ခဲ့ပါတယ်။

၁၉၈၅ လောက်မှာ Steve Vai ဟာ နာမည်ကြီး rock band တစ်ခုဖြစ်တဲ့ Alcatrazz မှာဝင်တီးခဲ့ပါသေးတယ်။ Alcatrazz မှာအရင်ကတီးခဲ့တာ ကတော့ Yngwie Malmsteen ပါ။ Malmsteen လိုအဲဒီခေတ်က နာမည်ရပြီး ကျော်အမော်တစ်ယောက်တီးခဲ့တဲ့ band မှာဝင်တီးရတာ Steve Vai အတွက်တော့ သိပ်မလွယ်ကူပါဘူး။ Steve Vai ကပြောပါတယ်

“ကျွန်တော် Alcatrazz နဲ့ပထမဆုံးတီးတဲ့ show က California မှာပေါ့၊ ပရိတ်သတ်က Alcatrazz မှာ lead ဂစ်တာသမားက Yngwie မဟုတ်တော့ဘူးဆိုတာ သိမထားကြဘူး။ လာကြတဲ့ပရိတ်သတ်တော်တော်များများကလည်း Yngwie အတွက်လာကြတာ။ ကျွန်တော်စင်ပေါ်တက်ခါနီးမှာ အောက်က ပရိတ်သတ်က Yngwie ရဲ့နာမည်ကိုအော်နေကြတယ်။ တစ်ကယ့်တစ်ကယ် Yngwie အစားကျွန်တော့ကိုမြင်တဲ့အခါ ပရိတ်သတ်ရဲ့ မျက်နှာတွေကို ခင်ဗျားတို့ မြင်သင့်တယ်ဗျာ။ ရယ်ဖို့တော့ကောင်းပါတယ်။”

အဲဒီနောက်မှာ သူဟာ David Lee Roth, Whitesnake စတဲ့ rock band တွေမှာဝင်တီးခဲ့ပြီး ၁၉၉၂ လောက်ကနေစပြီး သူ့ရဲ့ ကိုယ်ပိုင် band တည်ထောင်ခဲ့ပါတယ်။ သူ့ရဲ့ stage performance တွေ သီချင်းတွေအရမ်းကောင်းတဲ့အတွက် အခုအချိန်မှာ သူ့ပရိတ်သတ်ဟာ မနည်းမနောဖြစ်နေပါပြီ။

Steve Vai သုံးတဲ့ဂစ်တာကတော့ သူ့ရဲ့ signature Ibanez Jem series ဂစ်တာတွေပါ။ သူ့ရဲ့ Ibanez Jem ဂစ်တာကတော့ IC Fan တွေနေနဲ့ ရင်းနှီးကြမှာပါ။ ချစ်စမ်းမောင် အမြဲတီးနေတဲ့ဂစ်တာမို့လို့ပါ။ ဈေးကတော့ USD 3100$ လောက်ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ custom made triple neck Ibanez ဂစ်တာကလည်း neck သုံးခုပါတာကြောင့် တမူထူးနေပါတယ်။ Steve Vai ဟာ Ibanez ဂစ်တာတွေကိုသုံးသလို Effect မှာလည်း distortion အတွက် Ibanez Tube Screamer ကိုသုံးပါတယ်။ Boss DS-1, Morley Bad Horsie (wah-wah) စတဲ့ Effect တွေကိုလည်းအသုံးပြုပါတယ်။ Amp တွေအတွက်ကတော့ သူ့ရဲ့နာမည် Vai လို့ရေးထားတဲ့ Carvin Legacy amp တွေကိုသုံးပါတယ်။

သူ့ရဲ့ သီချင်းတွေထဲမှာ For The Love Of God ကတော့ တော်တော်နာမည်ကြီးပြီး တော်တော်လေးကောင်းတဲ့သီချင်းတစ်ပုဒ်ပါ။ ကျွန်တော်အတွက်ကတော့ တစ်ခါနားထောင်လေ ပိုကြိုက်သွားလေဖြစ်နေတဲ့သီချင်းတစ်ပုဒ်ပါ။ သူ့ရဲ့သီချင်းတော်တော်များများက ဂစ်တာပညာကိုချည်းပဲ အသားပေးပြသွားတာမျိုးမဟုတ်ပဲ နားဝင်ချိုတဲ့ Melody လေးတွေနဲ့ မျှမျှတတ ပေါင်းစပ်ထားလို့ နားထောင်လို့လည်းကောင်းပါတယ်။ စင်ပေါ်မှာလည်း ထူးထူးဆန်းဆန်း performance တွေနဲ့ တီးခတ်ဖျော်ဖြေ တတ်တဲ့အတွက် အလွန်ကြိုက်မိပါတယ်။ Lotus Feet, Whispering a Prayer, စတဲ့သီချင်းတွေဟာ မယ်လိုဒီအရမ်းအားကောင်းတဲ့သီချင်းအေးတွေပါ။ သီချင်းကိုအေးစက်စက် သာယာတဲ့အနှေးတီးလုံးလေးတွေနဲ့အစပြုပြီး ဖြည်းဖြည်းချင်းအရှိန်တက်လာတဲ့ခံစားမှုမျိုးတွေဖြစ်ပါတယ်။ Bad Horsie, Yai Yai, စတဲ့သီချင်းတွေမှာတော့ Steve Vai ရဲ့ ဂစ်တာ Effect အယူအဆတွေနဲ့ သူ့ရဲ့ Effect ပိုင်းမှာကျွမ်းကျင်မှုတွေကိုတွေ့ရမှာပါ။ ဒါကတော့ ကျွန်တော် သိသလောက် ကျွန်တော့ အကြိုက်ဆုံးဂစ်တာသမား Steve Vai ရဲ့အကြောင်းလေးပါ။

1 comments:

ကေ.တီ.အမ် said...

ဟုတ်ပါတယ် ကိုFreshup ရေ ကျွန်တော်
အကြိုက်ဆုံးကလည်း Vai ပါပဲ
တကယ့် Genius, Master ပါပဲ
သူ့ရဲ့ ဖန်တီးမှုတွေကတော့ တကယ်ကိုကြောက်ဖို့ကောင်းပါတယ်
For The Love of God, Sister, Bad Horsie,
Building The Church, Yai Yai ကုန်မှာကိုမဟုတ်တော့ပါဘူး
Vai ရဲ့ EVO Guitar အကြောင်းလေးနဲ့ သူအမေ နယူးယောက်ဈေးထဲက စ၀ယ်ပေးတဲ့ ပထမဦးဆုံး Fender Guitar အကြောင်းလေးပါ ရေးပေးစေချင်ပါတယ်