Friday, February 27, 2009

မျိုးကြီး - အမေ Intro & Solo

မျိုးကြီး - အမေ Intro & Solo

သီချင်းကိုလိုချင်ရင်တော့ ဒီမှာယူပါ။ မျိုးကြီး - အမေ

ဘလော့ကိုလဲ ပစ်ထားတာ ကြာပါပြီ။ ပို့စ်တွေရေးဖို့လဲ သိပ်စိတ်မပါဘူးဖြစ်နေတာ။ စိတ်ပါတုန်းကောက်လုပ်မိတဲ့ မျိုးကြီး တက်ပ် လေးပဲပို့စ်တစ်ခုအနေနဲ့ တင်လိုက်ပါတယ်။

အရမ်းမြန်တဲ့တစ်နေရာမှာ သီချင်းထဲက သူ့အသွားလေးကို မှန်းပြီး အီး မိုင်နာ ပန်တာတောနစ် ထဲမှာ တူအောင် လျောက်ထည့်လိုက်တာပါ။ ကိုယ်ဟာကိုလဲ တီးလို့မရပါဘူး။

မူရင်းကတော့ ရှာကီရာ ရဲ့ The One ပါ။ ဒါပေမယ့် ရှာကီရာသီချင်းဗားရှင်းနဲ့ မျိုးကြိးဗားရှင်းနဲ့က ဘာမှမဆိုင်ပါဘူး။ တစ်ခြားတီးဝိုင်းတစ်ခုခုက ပြောင်းပြီးသား ဗားရှင်းကို ပြန်ကော်ပီသလားတော့မပြောတတ်ဘူး။ ဒါပေမယ့် ဆိုလိုကတော့ ဆရာချစ် ပုံစံလို့တော့ ထင်မိတာပဲ။

Tuesday, January 27, 2009

လေးဖြူ - တစ်ယောက်တည်းနဲ့ (666)

ကိုဇာနည် ( uncletom666 ) ဆီက တက်ပ်အသစ်တစ်ခုရလို့ တင်ပေးထားပါတယ်။
လေးဖြူ ရဲ့ တစ်ယောက်တည်းနဲ့ ဆိုတဲ့ နောက်ဆုံး ဘင်္ဂလားပင်လယ်အော်ထဲက သီချင်းပါ။

ကိုဇာနည် ကလဲ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့မှာဝင်ပြီး ဂစ်တာနဲ့ပတ်သက်တာတွေ ရေးနေပါတယ်။
အဲဒီဘလော့ကိုသွားချင်ရင်တော့ ဒီကို နှိပ်ပါ။

Tuesday, January 20, 2009

Tab အသစ်နှစ်ခု

ကျွန်တော် ရန်ကုန်မှာတုန်းက မီးတွေကလဲ ပျက်.. ကျွန်တော်ကလဲ ဟိုသွားဒီသွားနဲ့ ဘာ တက်ပ်မှ ကောင်းကောင်းမလုပ်ဖြစ်ပါဘူး။ လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ထဲက အလဲအကွဲနဲ့ မျိုးကြီးရဲ့ တစိမ်းတစ်ယောက် ဆိုလို တက်ပ်နှစ်ခုပဲ လုပ်ဖြစ်ခဲ့တယ်ပေါ့..။

လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော်ကိုတော့ မကြိုက်ဘူး မကြိုက်ဘူး ပြောတဲ့သူတွေတော်တော်တွေ့ရတယ်..။ ကျွန်တော်ကတော့ အကြိုက်ကြီးမဟုတ်ပေမယ့် မျှော်မှန်းထားသလောက်ပါပဲ။
စာမျက်နှာတစ်ဆယ့်ငါး.. သီချင်းကိုတော့ အကြိုက်ဆုံးပါပဲ။ အရမ်းကိုကြိုက်ပါတယ်။ ငါ့ရဲ့လမင်း.. အလဲအကွဲ.. ပြန်ခဲ့ပါ.. စတဲ့ သီချင်းတွေကလဲ ဆိုကောင်း တီးကောင်းလေးတွေပါပဲ..။ လေးဖြူက သူ့အသက်အရွယ် အချိန်အခါနဲ့ ကိုက်ညီတဲ့ သီချင်းအေးအေး လေးတွေကို များများဆိုထားတယ်လို့ ယူဆမိပါတယ်။ သီချင်းတွေ တစ်ပုဒ်နဲ့ တစ်ပုဒ် အဓိပါယ်လေးတွေကလဲ သူ့ဟာနဲ့ သူ စပ်ဟပ်မိနေသလို ခံစားရတယ်ဗျာ..။ တစ်ယောက်ထဲ ဂစ်တာလေးနဲ့ တွေးချင်ရာတွေးပြီး ညည်းလို့ ကောင်းတဲ့ သီချင်းမျိုးလေးတွေပေါ့..။
ကျွန်တော်ကတော့ အရင်လို အပြင်းစားရော့ခ်တွေ မပါပေမဲ့လည်း လေးဖြူ သူ့အသက်အရွယ်နဲ့သူ ဆီလျော်တဲ့ စီးရီး တစ်ခုလို့ ယူဆပြီး အားရမိပါတယ်ဗျာ။

မျိုးကြီးရဲ့ တစိမ်းတစ်ယောက် ဆိုလိုကို ကျွန်တော့်သူငယ်ချင်းက သူတီးတတ်တယ်တဲ့..။ ကျွန်တော်ဂစ်တာပရိုနဲ့ ထည့်မယ်ဆိုရင် နုတ်တွေသူပြောပြမယ် ဆိုတာနဲ့ လုပ်ဖြစ်သွားတာပါ။ ကျွန်တော်က ဂစ်တာပရိုမှာ ထည့်ပေးယုံပါပဲ။

လေးဖြူ အလဲအကွဲကတော့ သီချင်းနားထောင်ပြီး ကိုယ်ဟာကိုယ် အဆင်ပြေသလို လိုက်တီးတီးနေမိတာလေးတွေကို နည်းနည်းပါးပါးဆီးလျော်အောင်ပြင်ပြီး ဂစ်တာပရိုနဲ့ ရေးလိုက်တာပါ။ ချစ်စမ်းမောင်တီးသလို အသံလေးတွေမလှပေမယ့် ကိုယ်ဟာကိုယ် အပျော်တီးဖို့လောက်တော့ မဆိုးဘူးလို့ထင်ပါတယ်။

ခုလောလောဆယ်တော့ ကျွန်တော် စာမျက်နှာ တစ်ဆယ့်ငါး ကို တစ်နေ့ ၇၅ ခေါက်လောက် ဆိုနေမိတယ်ဗျာ..။

မျိုးကြီး - သူစိမ်းတစ်ယောက်
လေးဖြူ - အလဲအကွဲ

Monday, December 1, 2008

ရန်ကုန် ခဏပြန်ပါမည်။ ( Sweet December )

ကျွန်တော် ပိုစ့်တင်တာကတော့ ကျဲလွန်းလို့ လာလည်တဲ့သူတွေကတောင် "အသစ်လုပ်ပါဦးဗျို့" မအော်ကြတော့ဘူး..။ အပင်ပန်းခံပြီး..။

အောက်က ပိုစ့်နှစ်ပုဒ်ကတော့ အွန်လိုင်းပေါ်မှာပဲ သိတဲ့ အစ်ကိုတစ်ယောက်က ရေးပေးတာပါ..။ မြန်မာလက်ကွက် ကောင်းကောင်းမသိပဲ စမ်းတ၀ါးဝါးရိုက်ပေးလို့ ကျွန်တော့်အနေနဲ့ ကျေးဇူးတင်စရာကောင်းသလို.. ဂီတပညာတွေ ဖြန့်ဝေပေးတဲ့အတွက် ဖတ်မိတဲ့ သူတွေအနေနဲ့ရော ကျေးဇူးတင်ဖို့ကောင်းပါတယ်..။ နောက်ပိုင်းလဲ ပိုစ့်လေးတွေ ထပ်ရေးပေးနိုင်ပါစေပေါ့ဗျာ..။

တက်ပ်အတွက်ကတော့ လိပ်ပြာကို လုပ်နေတယ် လို့ပြောပြီး ခုထိမပြီးနိုင်သေးပါဘူး..။ ဆိုလိုအပိုဒ်ကနေ ဆက်မလုပ်ဖြစ်တာ ခုထိပဲဆိုပါတော့..။ ပျင်းရင် ဖွင့်ပြီး ဟို နေရာလေး ကလိ ဒီနေရာလေး ကလိလောက်ပဲ လုပ်နေတော့ အရာမရောက်ပါဘူး..။ ခုတော့ စာမေးပွဲပြီး ရန်ကုန် ခဏ ပြန်ဦးမယ်ဆိုတော့ ဘလော့နဲ့ နည်းနည်း ဝေးကွာသွားပါဦးမယ်..။ လိပ်ပြာကို ပြီးသလောက်လေး အောက်မှာ ဒေါင်းလုပ်နိုင်ပါတယ်။ အသံတွေကတော့ ခပ်လွဲလွဲပါပဲ..။ တစ်ချို့တွေက တူသယောင်နဲ့လွဲ.. တစ်ချို့တွေက ပေါ်ပေါ်လွဲ..။ ရန်ကုန်ရောက်မှပဲ သေချာဆက်ကြိုးစားကြည့်ပါဦးမယ်။

လိပ်ပြာ

အဲ ဆီဗုံးမှာ AMG မေးထားတဲ့ မျိုးကြီးရဲ့ မလာပါနဲ့ သီချင်းကို ဂစ်တာနဲ့ ဘယ်လို ခတ်ပြီးတီးရမလဲဆိုတာကတော့ အကြမ်းသဘောလေးပဲ ကျွန်တော့် အယူအဆလေးကို အကြံပေးပါရစေ..။ ( မနက်ဖြန်ပြန်ဖို့ ပြင်စရာလေးတွေရှိသေးလို့ )

ကျွန်တော်ကတော့ စတီးကတည်းက ရစ်သမ်ပက်တမ်တွေကို တော်တော်ပဲ ပျင်းမိတယ်..။ slow go go, go go, etc..,. အဲဒီတော့ အဲလိုပက်တမ်တွေကို သေချာမမှတ်ခဲ့ပါဘူး။ ကျွန်တော် ဖတ်ခဲ့မိတဲ့ စာအုပ်တချို့မှာလဲ ဒီလို ပက်တမ်တွေကို အထူးတလည်မှတ်နေစရာမလိုဘူးလို့ ဖော်ပြထားတာကို ဖတ်ရတော့ ဒါတွေကို သေချာဆက် မလေ့လာတော့ပါဘူး..။ သီချင်းတွေကို ကိုယ်စိတ်ကြိုက် ရစ်သမ် ပုံစံနဲ့တီးပါတယ်။

ဥပမာ 4/4 တိုင်မင်နဲ့ သီချင်းတစ်ပုဒ်ကို တီးမယ်ဆို ဂစ်တာကို Down Stroke ချည်းပဲ တစ် Beat စီ မှန်မှန် ခတ်သွားလို့ရပါတယ်။ ကိုယ်က မကြိုက်သေးဘူး..။ ပုံစံက အရမ်းရိုးနေသေးတယ်.. သီချင်းနဲ့ ကိုက်ညီမှုမရှိဘူး ထင်ရင်.. ကိုယ်ဟာကိုယ် မျိုးစုံ ပြောင်းတီးကြည့်ပါ။
ဥပမာ ပထမ ၂ ဘိ အတွက်ပဲ Down Stroke နောက် ကျန်တဲ့ ဘိ နှစ်ခုကို တစ်ခုစီမှာ Up Stroke, Down Stroke နှစ်ချက်စီတီးကြည့်ပါ.။ ဒါမှမဟုတ် ရှေ့ဆုံးနှစ်ဘိကို အပေါ်အောက် လေးချက် တီး၊ နောက်နှစ်ဘိကို တစ်ချက်စီတီး..။ ဒါမှမဟုတ် အလယ်မှာ ဖောက်တီး..။ စသဖြင့် ကိုယ်ဟာကို တီထွင်ပြီး တီးလို့ရပါတယ်။

မျိုးကြီး ရဲ့မလာပါနဲ့ သီချင်းဆိုရင်.. အေးအေးလေးဖြစ်တာမို့ Down Stroke တွေချည်းပဲ မှန်မှန် တီးသွားပြီး ဆိုလို့ရပါတယ်။ အမှန်ကတော့ ဒီလို သီချင်းမျိုးက ဂစ်တာ တစ်လုံးထဲနဲ့ဆို ခတ်ပြီးတီးတာထက် ပလပ်ကင်သဘောမျိုးနဲ့ ကောဒ့်လေးတွေကို တစ်လုံးချင်းစီ ကစားပြီး အေးအေးလေးတီးတာမျိုးက ပိုကောင်းပါလိမ့်မယ်။ တစ်ချိန်လုံး ဂစ်တာကို ခတ်နေစရာလဲ မလိုပါဘူး..။

ဥပမာ မလာပါနဲ့ ကိုတီးမယ်ဆို C ကောဒ့်ကို Down Stroke တစ်ချက်တီးလိုက်ပါ..။
~~~ဗြန်~~~ ငါ့ရဲ့ရင်ထဲ~~~~ လောင်နေ မီး~~ ( မီးဆိုတဲ့ နေရာမှာ Am Down Stroke တစ်ချက်တီးလိုက်ပါ) တွေနဲ့~~
~~ဗြန်~~ ( Dm DownStroke တစ်ချက်တီး ) အဆုံးသတ်ချိန်ထိ~~~
~~ကြိုပြီးသိနှင့်နေခဲ့~~ ( သိမှာ G Downstroke တစ်ချက်တီးပါ )

ဥပမာပေါ့လေ..။ တစ်ပုဒ်လုံး အဲလိုပဲ တီးရမယ်လဲ မဟုတ်ပါဘူး.။ သူ့သီချင်း အရှိန်နဲ့ သူလိုက်ပြီး ကိုယ်က ကိုယ်စိတ်ကွန့်မြူးသလို တီထွင်တီးယုံပါပဲ..။ ဘာ ရစ်သမ်ပက်တမ်နဲ့ တီးရမယ်ဆိုပြီး ကိုယ်ဟာကိုယ် စည်း ချုပ်မထားပါနဲ့။

နည်းနည်းဆိုပြီး ပြောလိုက်တာတော်တော်ရှည်သွားပြီ။
မနက်ဖြန်ရန်ကုန်ပြန်ပြီး အမိ အဖ နဲ့ စည်းကမ်းတကျ နေလိုက်ဦးမယ်ဗျာ..။ လိပ်ပြာ တက်ပ်လေးကို ကွန်မန့်လေးများပေးချင် အမှားလေးတွေ ပြင်ပေးချင်ရင်လဲ ကွန်မန့်မှာသာ ၀င်ပြောလိုက်ပါ..။
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။

Wednesday, November 26, 2008

ပြောပြချင်တဲ့ Scale လေးတွေ အကြောင်း

( ဒီပိုစ့်ကတော့ ကျွန်တော်ရေးတာမဟုတ်ပါ..။ အမှန်တကယ် ဂီတကို ဂျပန်မှာ သင်ကြားနေတဲ့ အွန်လိုင်းပေါ်က အစ်ကို တစ်ယောက်က ရေးပေးတာပါ..၊ မြန်မာ လက်ကွက် သေချာမသိပဲ စမ်းတ၀ါးဝါးရိုက်ပေးထာတာပါ..။ နောက်လဲ များများရေးပေးနိုင်ပါစေ ဆုတောင်းပါတယ်ဗျာ..။ )

ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ Scale ကတော့ Spanish Scale ပဲ ဖြစ်ပါတယ်.။ ခင်ဗျားအနေနဲ့ Thrash Metal တီးမယ်ဆိုရင် သိကို သိထားသင့်ပါတယ်။ ပါဝင်တဲ့ နုတ်တွေကတော့ 1 2b 3 4 5 6b 7b ဖြစ်ပါတယ်..။ ဥပမာ E Spanish Scale ဆိုရင် E F Ab A B C D တိုပါဝင်ပါတယ်။ ဒီ Scale ရဲ့ Interval အဆန်းတွေကြောင့် မှတ်ရတာ ခက်မယ်မထင်ပါနဲ့။ တကယ်တော့ E Spanish Scale မှာပါဝင်တဲ့ နုတ်တွေက A Harmnic Minor ( A B C D E F Ab ) က Note တွေနဲ့ အတူတူပါပဲ။ Harmonic Minor ( 1 2 3b 4 5 6b 7 ) ကိုတော့ အားလုံး သိပြီးသားနေမှာပါ။ A Harmonic Minor ရဲ့ 5th Note ဖြစ်တဲ့ E ကို Tonic Note ( First Note ) အဖြစ် ပြောင်းလိုက်ရင် E Spanish Scale ဖြစ်သွားပါတယ်။

Spanish Scale ကိုများသောအားဖြင့် Thrash Metal တွေရဲ့ Vamp တွေမှာ သုံးပါတယ်။ Solo တွေမှာ အသုံးနဲပေမဲ့ ကျွန်တော်ကတော့ solo မှာ တော်တော်သုံးပါတယ်။ ( ကျွန်တော့် အကြိုက်ဆုံး Scale ပါ) ခင်ဗျာလဲ Solo ရော Vamp ရော တီးကြည့်ပါ။

Spanish Scale ရဲ့ Mood ကတော့ Arabian အရမ်း ဆန်ပါတယ်။ အကြောင်းရင်းကတော့ Spain က Islam အင်ပါယာ အောက် ကျရောက်ဖူးပြီး Arab က ဂီတသမားတွေ Spain မှာ နေထိုင်ခဲပဖူးတာကြောင့် ဖြစ်ပါတယ်။ Half Tone Interval ( ဥပမာ Interval Between E and F) နေရာတွေမှာ Hammer-On, Pull-Off စတာတွေသုံးပြီး Spanish Scale ကို တီးကြည့်လိုက်ပါ။ Arab ကိုရောက်နေသလို ခံစားရပါလိမ့်မယ်။

ကဲဗျာ ကောဇောပျံကြီး စီးပြီး အာလာဒင်နဲ့ တွေ့ရအောင်ခင်ဗျား ဂစ်တာကို ကိုင်ပြီး Spanish Scale ကို တီးလိုက်ပါတော့။

ကျွန်တော့်် Favourite Riff များ (၁)

( ဒီပိုစ့်ကတော့ ကျွန်တော်ရေးတာမဟုတ်ပါ..။ အမှန်တကယ် ဂီတကို ဂျပန်မှာ သင်ကြားနေတဲ့ အွန်လိုင်းပေါ်က အစ်ကို တစ်ယောက်က ရေးပေးတာပါ..၊ မြန်မာ လက်ကွက် သေချာမသိပဲ စမ်းတ၀ါးဝါးရိုက်ပေးထာတာပါ..။ နောက်လဲ များများရေးပေးနိုင်ပါစေ ဆုတောင်းပါတယ်ဗျာ..။ )


ကျွန်တော့် အကြိုက်ဆုံး Riff များ

ပထမဆုံး Riff ကတော့ Metallica ရဲ့ နာမည်ကြီး သီချင်းတွေထဲက တစ်ခုဖြစ်တဲ့ Master of Puppet ရဲ့ Main Riff ဖြစ်ပါတယ်..။ ဒီ Riff ရဲ့ Scale ကို ကြည့်မယ်ဆိုရင်တော့ ထူးထူးခြားခြားမရှိလှပါဘူး..။ Open E ကို အခြေခံပြီး Chromatic ပေါင်းစပ်ထားတာပါပဲ..။ ဒါပေမဲ့ သုံးထားတဲ့ Pattern ကတော့ အရေးကြီးပြီး အသုံးများတဲ့ Pattern ဖြစ်ပါတယ်..။ Pattern ကိုကြည့်မယ်ဆိုရင် ABCA BCAB CABC ABCA ဆိုတဲ့ Pattern ကိုတွေ့ရပါလိမ့်မယ်။ ဆိုလိုတာက 1 Beat 4 notes မှာ 3 Notes ကိုပဲလှည့်သုံးထားတာပါ။ အဲဒီတော့ Mood နဲနဲ ခက်ပါတယ်။ 1 Beat 3 Notes Mood ထဲ ၀င်သွားတတ်ပါတယ်။ သေချာလေ့ကျင့်သင့်ပါတယ် ။

ဒီ Riff မှာ A ဆိုတာက 6th String က Open E. ။ B ဆိုတာက 6th string F note ဖြစ်ပါတယ်။ C ကတော့ သီချင်းမှာ ပုံသေမထားပဲ 5th String က Chromatic Notes တွေကို လှည့်သုံးထားပါတယ်။ ဒီ Pattern ရဲ့ ရိုးရှင်းတဲ့ ပုံစံကို Collective Souls ရဲ့ Bleed Solo ရဲ့ အစနဲ့ Hotel California သီချင်းက Ending Solo တွေမှာ တွေ့နိုင်ပါတယ်။ နဲနဲ ရှုပ်တဲ့ ပုံစံကို Alterbridge ရဲ့ One Day Remains ( မျိုးကြီး၊ မီးများ ) မှာ တွေ့နိုင်ပါတယ်။ ကျွန်တော်ပြောတာ ရှုပ်နေရင် Collective Souls ရဲ့ Bleed Solo ရဲ့ အစကို တီးကြည့်ရင် ရှင်းသွားမှာပါ..။

Free Image Hosting

နောက် Riff တစ်ခုကတော့ Aerosmith ရဲ့ Eat The Rich သီချင်းက Intro Riff ဖြစ်ပါတယ်။ ဒီ Riff မှာ သုံးထားတဲ့ Scale ကို မှတ်သားထားသင့်ပါတယ်။ အရမ်း အသုံးဝင်တဲ့ Blue Minor Scale ကို သုံးထားလို့ပါ။ ( Slash ဆို အရမ်း သုံးပါတယ်။ ) ဒီ Scale ကို Vamp အနေနဲ့ရော သုံးလို့ ကောင်းပါတယ်။ ( Pantera ရဲ့ Cowboy From Hell က Main Riff ကို ကြည့်ပါ )။ ဒီ Scale က Pentatonic Minor နဲ့ တော်တော် နီးစပ်ပါတယ်။ Pentatonic Minor ကို Fifth Flat ပေါင်းစပ်ထားတာပါပဲ။ ဒါကြောင့် တီးရတာ လွယ်ပါလိမ့်မယ်။ ဒီ Riff မှာ E Blue Minor Scale ( E G A Bb B D ) ကိုသုံးထားပြီး Fifth Flat ကတော့ Bb ဖြစ်ပါတယ်။ ဒီ Scale ကို Vamp မှာရော solo မှာရော ( Rock solo, Blues solo, Pop solo, etc.., ) အစုံ သုံးလို့ ကောင်းတာကြောင့် လေ့ကျင့်သင့်ပါတယ်။ ဒီ Riff ကတော့ မခက်လှတာကြောင့် လွယ်လွယ် တီးလို့ရမှာပါ။ တီးသာတီးကြည့်ပါ။ ကိုယ့်အတွက် တစ်ခုခုတော့ ရမှာပါ။

Free Image Hosting

Free Image Hosting

Saturday, November 1, 2008

Guitar Pick အကြောင်းအနည်းငယ်

ကျွန်တော်တို့တွေ ဂစ်တာတီးတဲ့အခါ.. Guitar Pick ( ဂစ်တာလက်ခတ် ) တွေကိုအသုံးပြုပြီး တီးခတ်ကြပါတယ်။ Classical ဂစ်တာလို လက်ခြောင်းလေးတွေနဲ့ တီးရတဲ့ ဂစ်တာအမျိုးအစား.. တီးလုံးများမှလွဲပြီး အခြားဂစ်တာ၊ တီးလုံးတီးဟန်.. အမျိုးအစားပေါင်းများစွာမှာ ဂစ်တာလက်ခတ်တွေကို အသုံးပြုပြီး တီးကြရပါတယ်..။

ဂစ်တာလက်ခတ်တွေကို ပုံစံ၊ အရွယ်အစား၊ အထူအပါး.. စသည်ဖြင့် အမျိုးမျိုးကွဲပြားခြားနားစွာ ထုတ်လုပ်ထားကြပါတယ်..။ အသုံးများတဲ့ ဂစ်တာလက်ခတ် ပုံစံလေးတွေကို အောက်က ပုံမှာပြထားပါတယ်။

ီဂစ်တာ လက်ခတ်ကို ကိုင်တွယ်ပုံကိုင်တွယ်နည်းကတော့ တီးခတ်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်..။ ဂစ်တာခုမှစကိုင်တဲ့ သူတစ်ယောက်အတွက်တော့ ဂစ်တာလက်ခတ်ကိုင်ပုံကိုင်နည်း ပုံစံတစ်ခုလောက်ကို ပြပေးထားဖို့လိုပေမဲ့ ဂစ်တာနဲ့ အကျွမ်းတ၀င်ရှိလာသည်နှင့်အမျှ ဂစ်တာလက်ခတ်ကိုင်ပုံကိုင်နည်းကိုလဲ ကိုယ်နဲ့သင့်တော်သလို (ကိုယ့်အနေနဲ့ အဆင်အပြေဆုံး ပုံစံအနေအထားဖြင့် ) ကိုင်သင့်ပါတယ်။

ဥပမာအားဖြင့် ဂစ်တာလက်ခတ်ကို များသောအားဖြင့် လက်ညှိုးနဲ့ လက်မ နှစ်ခုညှပ်ပြီး ကိုင်လေ့ရှိကြပေမဲ့.. ကိုယ်က လက်ခလယ်နဲ့လက်မ နဲ့မှ အဆင်ပြေတယ်ဆိုရင် လက်ခလယ်နဲ့ လက်မကို အသုံးပြုပြီး ကိုင်သင့်ပါတယ်..။ (မှတ်ချက်: Eddie Van Halen ဟာလက်ခလယ်နဲ့ လက်မကိုအသုံးပြုပြီး လတ်ခတ်ကို ကိုင်သူဖြစ်ပါတယ် )

လက်ခတ်ရဲ့ ပုံစံ တွေမှာလဲ ထိုနည်းလည်းကောင်းပါပဲ.. ကိုယ်အဆင်ပြေတဲ့ ပုံစံကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်..။ အရေးအကြီးဆုံးကတော့ ဂစ်တာ လက်ခတ် ရဲ့ အထူအပါး ဖြစ်ပါတယ်..။

ရစ်သမ် တီးတဲ့အခါ ဂစ်တာရဲ့ ကြိုးတွေအများစုကို ခတ် ပြီးတီးရတဲ့အတွက် လက်ခတ် မာမာ နဲ့တီးရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ပျော့ပျော့နဲ့တီးမှ ဂစ်တာကြိုးတွေကို ခတ်လိုက်တဲ့အခါ သာသာယာယာ ဖြစ်နေမှာပါ။ အမာနဲ့ တီးလို့မရဘူးလားဆိုတော့လဲ မဟုတ်ပါဘူး..။ အမာကိုအသုံးပြုပြီး ကြိုးတွေကို ခတ်လိုက်တဲ့အခါ အားပြင်းပြင်းခတ်မိရင် ကြိုးသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပြီး နားထဲမှာ သာသာယာယာ ကြားရမှာမဟုတ်ပါဘူး..။ အဲဒီတော့ လက်ခတ်ကို အာရုံထားပြီး ထိန်းထိန်းသိမ်းသိမ်း တီးခတ်ရပါတယ်။ ဒါကြောင့် ရစ်သမ် တီးတဲ့အခါမျိုးမှာ အပျော့ နဲ့တီးတာပိုသင့်တော်ပါတယ်..။

ဆိုလို တွေ၊ riff တွေ တီးတော့မယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် အပျော့၊ အမာ ကိုယ်နဲ့အဆင်ပြေတဲ့ လက်ခတ်မျိုးကို ရွေးခြယ်သင့်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ခပ်မာမာ နဲ့တီးရတာကို ပိုသဘောကျပါတယ်။ အရမ်းမြန်မြန် ကြိုးတစ်ခြောင်းကို အပေါ်အောက် ခတ်ရတဲ့အခါမျိုးမှာ လက်ခတ် ပျော့ပျော့နဲ့ ခတ်ရင် အဆင်မပြေတာကိုတွေ့ရပါလိမ့်မယ်။ အဲလိုနေရာမျိုးမှာ ခပ်မာမာ လက်ခတ်နဲ့တီးရင် ပိုအဆင်ပြေတာတွေ့ရပါလိမ့်မယ်။ အာပက်ဂျီယိုတွေကို Sweep Picking နဲ့တီးမယ်ဆိုရင်တော့ ခပ်ပျော့ပျော့ လက်ခတ်နဲ့ တီးရတာက ပို အဆင်ပြေတယ်လို့ခံစားမိပါတယ်။

လက်ခတ်ရွေးခြယ်မှုကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ်အဆင်ပြေသလိုရွေးခြယ်အသုံးပြုသင့်တယ်လို့ ယူဆမိပါတယ်..။ ကိုယ်သုံးတဲ့ ဂစ်တာကြိုး အထူအပါး၊ ကိုယ်တီးတဲ့ တီးလုံးတီးဟန် တွေပေါ်မူတည်ပြီး ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်တဲ့ ဂစ်တာလက်ခတ်မျိုးကို သုံးသင့်တယ်လို့ ယူဆမိပါတယ်။

ကို Mr.Guitar ကပြောလာလို့ ဘလော့လဲ ပိုစ့်အသစ် မတင်တာကြာတာနဲ့ ရေးလိုက်တာပါ။ ခုတစ်လောက ဘလော့ကို သိပ်မကြည့်ဖြစ်ဘူး။ တက်ပ်အသစ် အတွက်ကတော့ လိပ်ပြာကို ဖြည်းဖြည်းခြင်းလုပ်နေတယ်ပေါ့။ တစ်ဘားခြင်းဆီပဲ။ ဆိုလိုအပိုဒ်မှာ စိတ်ပျက်ပြီး ခဏရပ်ထားရတယ်။ မကြာခင်တော့ ပြီးမှာပါ။
အမြဲရောက်လာတဲ့ ၀ါသနာတူ ညီအစ်ကိုတွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ။
အမြဲရောက်လာတဲ့ ဘလော့ မောင်နှမ တွေကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ။