Monday, June 16, 2008

ဂစ်တာ နည်းစနစ်အချို့

ရန်ကုန်မှာတုန်းက စာအုပ်တစ်ခုမှာ “သင်ဒါတွေသိပြီ လား” ဆိုပြီး ဂစ်တာ နည်းစနစ်အချို့ကို ချရေးပြထားတာလေးကို တွေ့ဖူးပါတယ်။ အဲဒါလေးကို သတိရမိလို့ ဂစ်တာ တီးတဲ့ အခါ အသုံးများပြီး လေ့ကျင်းမှုတွေများများလိုတဲ့ နည်းစနစ်လေးတွေကို ဖော်ပြရင်ကောင်းမယ်ဆိုပြီးစိတ်ကူးပေါက်မိလို့ ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။

Alternate Picking
ဂစ်တာဆိုလိုတွေ Riff တွေတီးတော့မယ်ဆိုရင်.. alternate picking ကိုပဲအများဆုံး အသုံးပြုပြီး တီးကြပါတယ်။ အခြေခံဖြစ်သလို မြန်မြန်တီးမယ်ဆိုရင် alternate picking ကိုပိုင်နေမှရပါမယ်။ ထူးထူးဆန်းဆန်းတော့မဟုတ်ပါဘူး။ ဂစ်တာ လက်ခက် (pick ) ကို အထက်အောက် တစ်လှည့်စီ တီးချင်းပဲဖြစ်ပါတယ်။ Paul Gilbert ရဲ့ ဂစ်တာ instructional video တွေမှာဆိုရင် alternate picking ကို အလေးထားပြီးပြောတာတွေ တွေ့ရမှာပါ။ Riff တစ်ခုကို တီးပြပြီး ဘယ်နေရာမှာ ဘယ်လို pick သွားတယ်ဆိုတာကအစ ရှင်းပြပါတယ်။ ကြိုးတစ်ကြိုးထဲ ပေါ်မှာတီးနေရင်တော့ Alternate Picking ကသိပ်မသိသာ ပေမဲ့ ကြိုးနှစ်ကြိုး ဒါမှမဟုတ် နှစ်ကြိုးထက်ပို တဲ့ကြိုးတွေပေါ်မှာ အပေါ်တက်လိုက် အောက်ဆင်းလိုက်နဲ့ အရမ်းအမြန်တီးရတဲအခါမျိုးတွေမှာ alternate picking ရဲ့ down stroke, up stroke တွေကို အာရုံထားပြီးတီးရင်ပိုအဆင်ပြေပါတယ်။

Sweep Picking
Arpeggio တွေကို တီးတဲ့ အခါ.. alternate picking နဲ့အဆင်မပြေပါဘူး။ ကြိုးတစ်ကြိုးမှာ နုတ်တစ်လုံပဲတီးတဲ့ arpeggio တွေအတွက်ကတော့ sweep picking ကိုအသုံးပြုပြီးတီးကြပါတယ်။ Arpeggio တွေကို မြန်မြန်တီးနိုင်ဖို့နဲ့ အသံထွက်ကောင်းဖို့ကတော့ အလေ့အကျင့်တွေအများကြီးလိုပါတယ်။

Right Hand Tapping
ညာဖက်လက်ကို Fret board ပေါ်မှာသွားထောက်ပြီးတီးခြင်းကို ခေါ်တာပါ။ အမြင်မှာခက်သယောင်ရှိပေမဲ့ တစ်ကယ့်တစ်ကယ်တီးတဲ့အခါထင်သလောက်မခက်တာတွေ့ရပါလိမ့်မယ်။ Eddie Van Halen ကစတင်ပြီး ဒီနည်းစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပါတယ်။ Van Halen ရဲ့ Eruption ဆိုတဲ့ ဂစ်တာ instrumental သီချင်းတစ်ပုဒ်မှာ tapping တွေကို လှလှပပ အသုံးပြုသွားတာ တွေ့ရပါလိမ့်မယ်။ Both Hand Tapping ဆိုပြီးတော့လဲ ဘယ်လက် ညာလက် နှစ်ဖက်လုံး Fret board ပေါ်မှာထောက်ပြီးတီးတဲ့ နည်းစနစ်ကို လည်း အသုံးများကြပါတယ်။
Arpeggio ကို sweep picking နဲ့တီးပြီး နုတ်ရဲ့ အမြင့်ဆုံး (အောက်ဆုံး တစ်ကြိုး) ကိုရောက်တဲ့အခါမှာလဲ Right Hand Tapping လေးတွေကို အလျဉ်းသင့်သလိုလည်း အသုံးပြုကြပါတယ်။

Harmonics
Harmonic တွေမှာ Natural Harmonic, Artificial Harmonic, PinchHarmonic ဆိုပြီး အမျိုးမျိုးရှိပါတယ်။ Natural Harmonic တွေကို လွှတ်ကြိုးတစ်ခုရဲ့ 3rd, 5th, 7th နဲ့ 12th Fret တွေက ဘားပေါ်မှာ လက် ကို ဖွဖွလေး တင်ပြီးတီးခြင်းဖြင့် ထုတ်နိုင်ပါတယ်။ ကိုယ်က ကောဒ်တစ်ခုခုကို ကိုင်ထားတဲ့ အချိန်မှာ Harmonic ကိုလိုချင်တယ်ဆိုရင်တော့ Artificial Harmonic နည်းစနစ်နဲ့ ကိုယ်ဖိထားတဲ့ Fret ရဲ့ 12 Fret မြောက် ဘားမှာ ညာဖက်လက်ညှိုးကို ဖွဖွလေးထောက်ပြီး လက်ခလယ်ဖြင့် ကြိုးကို တီးခြင်းဖြင့်ထုတ်ယူနိုင်ပါတယ်။ Pinch Harmonic ကတော့ solo တွေမှာ အရမ်းကို အသုံးများပါတယ်။ နုတ်တစ်ခုကို တီးတဲ့ အခါ ဂစ်တာ လက်ခက်နဲ့ ထိပြီးပြီးချင်း တစ်ပြိုင်ထဲနီးပါး မှာ လက်ခတ်ကို ကိုင်ထားတဲ့ ညာဖက်လက်မ ထိပ်လေးနဲ့ ကြိုးကို ထိလိုက်ခြင်းနဲ့ အလွန်စူးတဲ့ အသံ Pinch harmonic ကို ထုတ်နိုင်ပါတယ်။ Electric ဂစ်တာမှာ ဒီနည်းစနစ်ကို အသုံးများပါတယ်။ Acoustic ဂစ်တာမှာလည်း သုံးနိုင်ပါတယ်။ Natural Harmonic တွေကို acoustic ဂစ်တာတွေမှာအသုံးများပါတယ်။ Artificial Harmonic တွေကိုတော့ Classical ဂစ်တာနဲ့ classical သီချင်းတွေမှာ အသုံးပြုတာများပါတယ်။ Pinch Harmonic ကတော့ ရောခ်ဆိုလို တွေတိုင်းမှာလိုလို ကိုတွေ့နိုင်ပါတယ်။

တစ်ခါတစ်လေမှာ ဂစ်တာရဲ့ Whammy Bar ကိုဖိထားချိန်မှာ 3rd Fret ရဲ့ Natural Harmonic ကိုထုတ်လိုက်ပြီး whammy bar ကိုပြန်လွှတ်ခြင်းဖြင့်လည်း အလွန်မြင့်တဲ့ အသံမျိုးတွေကို ဂစ်တာသမားတွေ လှလှပပ ထုတ်တတ်ကြပါတယ်။ Steve Vai ရဲ့ Bad Horsie မှာ ဒီလိုအသံတွေကို တော်တော်များများကြားရမှာပါ။ ဂစ်တာသမား Dimebag Darrell ကတော့ ဘယ်ဖက်လက် တစ်ဖက်ထဲကို အသုံးပြုပြီး 3rd , 2nd စတဲ့ Fret တွေမှာ Natural Harmonic တွေကိုထုတ်ပြီး ညာဖက်လက်က whammy bar ကိုကစားတဲ့ နည်းစနစ်နဲ့ အလွန်မြင့်တဲ အသံတွေကို တီးခတ်ပြတတ်ပါတယ်။ Dimebag Darrell ဟာ အလွန်တော်တဲ့ ဂစ်တာသမားတစ်ယောက်ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ စင်ပေါ်မှာတီးနေစဉ် သေနတ်နဲ့ ပစ်လုပ်ကြံခံခဲ့ရပါတယ်။ သူရဲ့ Dimbag Squeal ဆိုတဲ့ ဘယ်ဖက်လက် တစ်ဖက်ထဲ အသုံးပြုပြီး Natural Harmonic တွေထုတ်ယူတဲ့ နည်းစနစ်ဟာ ခုချိန်မှာကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။

Palm Muting
ညာဖက်လက်ဖ၀ါးကို ဂစ်တာရဲ့ ကြိုးတင်ခုံ Bridge ပေါ်မှာ ခပ်ဖွဖွတင်ပြီး တီးခြင်းဖြစ်ပါတယ်။ Vamp တွေတီးခတ်ရာမှာသုံးသလို solo တွေ arpeggio တွေ တီးရာမှာလည်းသုံးပါတယ်။

Feedback
Electric ဂစ်တာရဲ့ pickup နဲ့ သူ့ရဲ့ Amp တွေနဲ့ အရမ်းနီးကပ်တဲ့ အခါမှာ ဆူညံတဲ့ စူးစူးဝါးဝါးသံတွေ ထွက်လာတတ်ပါတယ်။ အဲဒီ Feedback အသံတွေကို ချိန်ကိုက်ပြီး နားထောင်ကောင်းအောင် လုပ်ယူခြင်းကို ဆိုလိုတာပါ။ ဆူညံသံကို အချိုးကျကျ ထုတ်ယူတာကလည်း အနုပညာတစ်မျိုးပါပဲ။

စဉ်းစားရသမျှ အသုံးများတဲ့ နည်းစနစ်လေးတွေပါ။ ဂစ်တာကို လေ့လာတာ မကြာသေးတဲ့ ၀ါသနာရှင်တွေအတွက်တော့ အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။

2 comments:

robotheart18 said...

အရမ်းကောင်းပါတယ် အကို ...အခုလို ဂီတလောကကို စမ်းတ၀ါးဝါးနဲ့ ၀င်ရောက်လာတဲ့ ကျွန်တော့်လို သူငယ်ချင်းများအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆိုက်လေး တစ်ဆိုက်ဒ် ပါပဲ ........အကို ဒီထက်မက အောင်မြင်ပါစေ....အဲ့..... ပဲပင်ပေါက်နုတ် ဖက်နည်းရေးနည်း သင်ပေးတဲ့ စာအုပ်လေးများရှိရင်လဲ တင်ပေးပါ့လားဗျ...ကျေးဇူးပါဗျ

ဖြူးသား​လေး said...

ကျေးကျေး