Saturday, November 1, 2008

Guitar Pick အကြောင်းအနည်းငယ်

ကျွန်တော်တို့တွေ ဂစ်တာတီးတဲ့အခါ.. Guitar Pick ( ဂစ်တာလက်ခတ် ) တွေကိုအသုံးပြုပြီး တီးခတ်ကြပါတယ်။ Classical ဂစ်တာလို လက်ခြောင်းလေးတွေနဲ့ တီးရတဲ့ ဂစ်တာအမျိုးအစား.. တီးလုံးများမှလွဲပြီး အခြားဂစ်တာ၊ တီးလုံးတီးဟန်.. အမျိုးအစားပေါင်းများစွာမှာ ဂစ်တာလက်ခတ်တွေကို အသုံးပြုပြီး တီးကြရပါတယ်..။

ဂစ်တာလက်ခတ်တွေကို ပုံစံ၊ အရွယ်အစား၊ အထူအပါး.. စသည်ဖြင့် အမျိုးမျိုးကွဲပြားခြားနားစွာ ထုတ်လုပ်ထားကြပါတယ်..။ အသုံးများတဲ့ ဂစ်တာလက်ခတ် ပုံစံလေးတွေကို အောက်က ပုံမှာပြထားပါတယ်။

ီဂစ်တာ လက်ခတ်ကို ကိုင်တွယ်ပုံကိုင်တွယ်နည်းကတော့ တီးခတ်တဲ့သူအပေါ်မှာပဲ မူတည်ပါတယ်..။ ဂစ်တာခုမှစကိုင်တဲ့ သူတစ်ယောက်အတွက်တော့ ဂစ်တာလက်ခတ်ကိုင်ပုံကိုင်နည်း ပုံစံတစ်ခုလောက်ကို ပြပေးထားဖို့လိုပေမဲ့ ဂစ်တာနဲ့ အကျွမ်းတ၀င်ရှိလာသည်နှင့်အမျှ ဂစ်တာလက်ခတ်ကိုင်ပုံကိုင်နည်းကိုလဲ ကိုယ်နဲ့သင့်တော်သလို (ကိုယ့်အနေနဲ့ အဆင်အပြေဆုံး ပုံစံအနေအထားဖြင့် ) ကိုင်သင့်ပါတယ်။

ဥပမာအားဖြင့် ဂစ်တာလက်ခတ်ကို များသောအားဖြင့် လက်ညှိုးနဲ့ လက်မ နှစ်ခုညှပ်ပြီး ကိုင်လေ့ရှိကြပေမဲ့.. ကိုယ်က လက်ခလယ်နဲ့လက်မ နဲ့မှ အဆင်ပြေတယ်ဆိုရင် လက်ခလယ်နဲ့ လက်မကို အသုံးပြုပြီး ကိုင်သင့်ပါတယ်..။ (မှတ်ချက်: Eddie Van Halen ဟာလက်ခလယ်နဲ့ လက်မကိုအသုံးပြုပြီး လတ်ခတ်ကို ကိုင်သူဖြစ်ပါတယ် )

လက်ခတ်ရဲ့ ပုံစံ တွေမှာလဲ ထိုနည်းလည်းကောင်းပါပဲ.. ကိုယ်အဆင်ပြေတဲ့ ပုံစံကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်..။ အရေးအကြီးဆုံးကတော့ ဂစ်တာ လက်ခတ် ရဲ့ အထူအပါး ဖြစ်ပါတယ်..။

ရစ်သမ် တီးတဲ့အခါ ဂစ်တာရဲ့ ကြိုးတွေအများစုကို ခတ် ပြီးတီးရတဲ့အတွက် လက်ခတ် မာမာ နဲ့တီးရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ပျော့ပျော့နဲ့တီးမှ ဂစ်တာကြိုးတွေကို ခတ်လိုက်တဲ့အခါ သာသာယာယာ ဖြစ်နေမှာပါ။ အမာနဲ့ တီးလို့မရဘူးလားဆိုတော့လဲ မဟုတ်ပါဘူး..။ အမာကိုအသုံးပြုပြီး ကြိုးတွေကို ခတ်လိုက်တဲ့အခါ အားပြင်းပြင်းခတ်မိရင် ကြိုးသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပြီး နားထဲမှာ သာသာယာယာ ကြားရမှာမဟုတ်ပါဘူး..။ အဲဒီတော့ လက်ခတ်ကို အာရုံထားပြီး ထိန်းထိန်းသိမ်းသိမ်း တီးခတ်ရပါတယ်။ ဒါကြောင့် ရစ်သမ် တီးတဲ့အခါမျိုးမှာ အပျော့ နဲ့တီးတာပိုသင့်တော်ပါတယ်..။

ဆိုလို တွေ၊ riff တွေ တီးတော့မယ်ဆိုရင်တော့ ကိုယ့်သဘောနဲ့ကိုယ် အပျော့၊ အမာ ကိုယ်နဲ့အဆင်ပြေတဲ့ လက်ခတ်မျိုးကို ရွေးခြယ်သင့်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ခပ်မာမာ နဲ့တီးရတာကို ပိုသဘောကျပါတယ်။ အရမ်းမြန်မြန် ကြိုးတစ်ခြောင်းကို အပေါ်အောက် ခတ်ရတဲ့အခါမျိုးမှာ လက်ခတ် ပျော့ပျော့နဲ့ ခတ်ရင် အဆင်မပြေတာကိုတွေ့ရပါလိမ့်မယ်။ အဲလိုနေရာမျိုးမှာ ခပ်မာမာ လက်ခတ်နဲ့တီးရင် ပိုအဆင်ပြေတာတွေ့ရပါလိမ့်မယ်။ အာပက်ဂျီယိုတွေကို Sweep Picking နဲ့တီးမယ်ဆိုရင်တော့ ခပ်ပျော့ပျော့ လက်ခတ်နဲ့ တီးရတာက ပို အဆင်ပြေတယ်လို့ခံစားမိပါတယ်။

လက်ခတ်ရွေးခြယ်မှုကတော့ ကိုယ့်သဘောနဲ့ကိုယ်၊ ကိုယ်အဆင်ပြေသလိုရွေးခြယ်အသုံးပြုသင့်တယ်လို့ ယူဆမိပါတယ်..။ ကိုယ်သုံးတဲ့ ဂစ်တာကြိုး အထူအပါး၊ ကိုယ်တီးတဲ့ တီးလုံးတီးဟန် တွေပေါ်မူတည်ပြီး ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်တဲ့ ဂစ်တာလက်ခတ်မျိုးကို သုံးသင့်တယ်လို့ ယူဆမိပါတယ်။

ကို Mr.Guitar ကပြောလာလို့ ဘလော့လဲ ပိုစ့်အသစ် မတင်တာကြာတာနဲ့ ရေးလိုက်တာပါ။ ခုတစ်လောက ဘလော့ကို သိပ်မကြည့်ဖြစ်ဘူး။ တက်ပ်အသစ် အတွက်ကတော့ လိပ်ပြာကို ဖြည်းဖြည်းခြင်းလုပ်နေတယ်ပေါ့။ တစ်ဘားခြင်းဆီပဲ။ ဆိုလိုအပိုဒ်မှာ စိတ်ပျက်ပြီး ခဏရပ်ထားရတယ်။ မကြာခင်တော့ ပြီးမှာပါ။
အမြဲရောက်လာတဲ့ ၀ါသနာတူ ညီအစ်ကိုတွေကို အထူးကျေးဇူးတင်ပါတယ်ဗျာ။
အမြဲရောက်လာတဲ့ ဘလော့ မောင်နှမ တွေကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ။

Monday, October 13, 2008

New Tabs!!

လေးဖြူ သတိမေ့သွားတဲ့ည ကို ကိုအေတီအမ်က တစ်ပုဒ်လုံးအတွက်ရေးထားတာ တင်ထားပါတယ်။ Open G Tuning နဲ့ရေးထားတာပါ။

မျိုးကြီးရဲ့ နေခဲ့တော့ ကို ကို uncletom666 ( ကိုဇာနည်) ကပေးထားတာလေးလဲ တင်ထားပါတယ်။ နောက်ရက်မှာလဲ တက်ပ် အသစ်လေးတွေ ထပ်ရဖို့ရှိပါသေးတယ်။

ကျွန်တော်ကတော့ တက်ပ်အသစ်အဆင်မပြေသေးဘူးဗျာ။ နောက်ရက်တွေကျမှပဲ သေချာကြိုးစားပြီး တက်ပ်အသစ်လေးတွေရေးဦးမယ်။ ခုတော့ ကိုကေတီအမ် တို့ ကိုဇာနည် တို့ပေးတာတွေပဲတင်နေမယ်။

Ibanez EDGE Tremolo ကိုကြိုးညှိတာကတော့၊ အစ်ကို Mr. Guitar ( ကိုသီဟ ) ရေ..၊ ကျွန်တော့်လဲ EDGE Tremolo နဲ့ဂစ်တာမျိုးကို ကြိုးမညှိဖူးတော့.. မသိဘူး အစ်ကိုရေ..။ အင်တာနက်မှာရှာကြည့်တော့တော့ ဘယ်လိုညှိရမလဲ ရေးထားတဲ့ ဟာလေးတွေ တွေ့မိပါတယ်။ ဒါပေမဲ့ ကျွန်တော်လဲတစ်ခါမှ မညှိဖူးတော့ မသိဘူးဗျာ။ ဂူဂဲလ် မှာရှာကြည့်လိုက်ရင် တော့တွေ့မှာပါ။ ဒီတစ်ခုကတော့ ဓာတ်ပုံတွေနဲ့ သေချာရှင်းပြထားတာကိုတွေ့မှာပါ။

တက်ပ်လေးတွေအားပေးတဲ့သူတွေကိုကော.. ကိုကေတီအမ်၊ ကိုဂီတဘလဒ်၊ ကိုဇာနည် တို့ကိုကော အထူးကျေးဇူးတင်ပါတယ်ဗျာ။

Sunday, October 5, 2008

သတိမေ့သွားတဲ့ည Intro နဲ့ Tuning အကြောင်းအနည်းငယ်

လေးဖြူ ရဲ့ သတိမေ့သွားတဲ့ည သီချင်းရဲ့ အင်ထရို လေးကို ဖိုရမ်တစ်ခုပေါ်မှာ တောင်းထားဖူးလို့ အဲဒါလေးကို ရှာကြည့်ထားတာလေးရှိပါတယ်..။ ဂစ်တာ Tuning ကိုတော့ Drop D Tuning နဲ့ ကော ရိုးရိုး Tuning နဲ့ပါရှာကြည့်ထားပါတယ်။

Drop D Tuning

Drop D Tuning ကတော့ အသုံးလဲများပြီး ခက်ခက်ခဲခဲလဲ ညှိနေစရာမလိုပါဘူး..။ ဂစ်တာရဲ့ အပေါ်ဆုံး ခြောက်ကြိုးကို E ကနေ D ကိုလျော့လိုက်ယုံပါပဲ..။ ရိုးရိုး ကြိုညှိ နည်းနဲ့ဆိုရင် power chord တွေကိုင်တဲ့ အခါ လက်ညှိုး ကအပေါ်ဆုံး ခြောက်ကြိုးကို ဖိထားပြီး လက်သူကြွယ်နဲ့ လက်သန်းနဲ့က လက်ညှိုးရဲ့ တစ်ကွက်ကျော်မှာ ငါးကြီးနဲ့ လေးကြိုးကို ဖိရပါတယ်..။ ခုခေတ်နောက်ပိုင်း မက်တယ်တွေ မော်ဒန်ရောခ့်တွေ စတဲ့ သီချင်းတွေမှာ power chord တွေကို အရမ်းလျင်လျင်မြန်မြန်ပြောင်းချင်တဲ့ အခါ.. အပေါ်ကပြောသလိုကိုင်တဲ့ အခါ၊ ကိုယ်လိုသလောက်မြန်မြန်မတီးနိုင်ပဲ အခက်အခဲလေးတွေရှိလာပါတယ်..။
အဲဒီအခါမှာ Drop D, Drop C အစရှိတဲ့ ကြိုးညှိနည်းတွေကို အသုံးပြုပြီး တီးခတ်ကြပါတယ်..။
Drop D ဒါမှမဟုတ် Drop D နဲ့ ပုံစံတူကြိုးညှိနည်းနဲ့ ညှိထားရင် power chord တွေကိုင်တဲ့ အခါ လက်တစ်ခြောင်းထဲနဲ့ တစ်ကွက်ထဲမှာ ဖိလိုက်တာနဲ့ power chord ကိုကိုင်ပြီးသားဖြစ်သွားပါတယ်..။
ပိုပြီး မြန်မြန်ဆန်ဆန် ပါဝါကောဒ့်တွေပြောင်းလို့ရတဲ့ အတွက်သုံးတာပါ..။

Malmsteen ဆိုရင် သူ့ဂစ်တာကို Eb မှာညှိပါတယ်..။ EADGBE ကနေ အကုန်လုံးကို half step လျော့ချလိုက်တာပါ..။ ကြိုးကိုလျော့ချထားလို့ Bend လုပ်တဲ့အခါတွေမှာ ပိုကောင်းပါတယ်..။

တစ်ချို့ဂစ်တာသမားတွေကတော့ အသံအလုံးကြီးကြီးလိုချင်တာကြောင့် D အထိလျော့ချပြီးတီးကြပါတယ်။ ကိုယ်လိုချင်တဲ့အသံနဲ့ သီချင်းပေါ်မူတည်ပြီး Tuning တွေကိုပြောင်းလဲအသုံးပြုတာပါ..။ ကိုယ့်ဟာကိုတီထွင်ပြီးကြိုက်သလိုညှိလို့လဲရပါတယ်..။ ကိုယ်အဆင်ပြေဖို့အတွက်သာအရေးကြီးတာပါ။ Tuning အမျိုးအစားတွေအများကြီးရှိနေတာလဲဒါကြောင့်ပါပဲ။

လေးဖြူရဲ့ သတိမေ့သွားတဲ့ည အင်ထရိုကိုလိုချင်ရင်တော့ အောက်မှာယူလိုက်ပါ..။

သတိမေ့သွားတဲ့ည Intro

Track 1 က ရိုးရိုး Tuning နဲ့ဖြစ်ပြီး Track 2 ကတော့ Drop D နဲ့ပါ။

Saturday, October 4, 2008

ပိုစ့်အသစ်မတင်နိုင်သေးပါ

ပိုစ့် အသစ်မတင်နိုင်သေးတာ ခွင့်လွှတ်ကြပါ..။ ဟိုရက်ပိုင်းကဘယ်လိုမှမတင်နိုင်လို့..။ အခုတင်ဖို့ကြိုးစားနေပေမဲ့ ဘာတင်ရမှန်းစဉ်းစားမရတာကတစ်ကြောင်း..။ တက်ပ်အသစ်ကလဲ ရေးနေတာအဆင်မပြေတာကတစ်ကြောင်းမို့..။ အားလုံးကို တောင်းပန်ပါတယ်..။ အကြာကြီးဘာမှမတင်နိုင်တဲ့အတွက်..။
ကျေးဇူးတင်ပါတယ်..။

Friday, September 12, 2008

အချစ်ငှက် လက်စွမ်းပြ

အချစ်ငှက် ကို ချစ်စမ်းမောင် လက်စွမ်းပြတီးထားတဲ့ အတိုအပိုင်းလေးပါ။

ဂစ်တာပရိုနဲ့ မီဒီ ဖိုင်ကိုလိုချင်ရင် ဒီမှာယူပါ။

ချစ်စမ်းမောင် တီထားတာကြည့်ချင်ရင်တော့ ဒီမှာယူပါ။ ( ဂီတလုလင် ပေးတဲ့ဗီဒီယို လေးပါ။ )

Free Image Hosting

Monday, September 8, 2008

သေခြင်းရဲ့ တံခါးများ solo , GP Tab (Guitablood )

လေးဖြူ ရဲ့ သေခြင်းရဲ့ တံခါးများ ဆိုလို ကို ကိုဂီတဘလတ် ( Guitablood) ဆီကရတာပါ။ Tremolo ဘားကစားတဲ့နေရာတွေမှာ အတတ်နိုင်ဆုံးတူအောင် ရေးထားပါတယ်..။ ကော်ပီသီချင်းဆိုပေမဲ့ မူရင်းသီချင်းအတွက်တက်ပ်မရှိပါဘူး..။

နောက်ပိုင်းမှာ ကိုဂီတရဲ့ ဂီတ အကြောင်း၊ သီအိုရီတွေ အခြေခံတွေ ကို ရေးပေးဖို့ပြောထားပါတယ်။

ဂစ်တာပရိုတက်ပ်ကိုလိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါ။

ဂစ်တာပရိုကို မသိသူတွေအတွက်လဲ ဓာတ်ပုံအနေနဲ့တင်ပေးလိုက်ပါတယ်..။
ပုံကို မူရင်း အရွယ်အတိုင်းကြည့်ချင်ရင် ပုံပေါ်မှာနှိပ်လိုက်ပါ။
Free Image Hosting

Thursday, August 28, 2008

နာဂစ်အလှူပွဲ သို့ The night when ROCK Resurrected

Posted by Andy
လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ရန်ကုန် ရော့ခ်ကာတွေ အားခဲခဲ့ကြတဲ့ပွဲ။

လက်မှတ်တစ်စောင် သောင်းကျော် နှစ်သောင်း ကောလဟလတွေထွက်နေပေမယ့် ဘယ်လောက်ပေးရပေးရ ကြည့်မှာပဲဆိုတဲ့ ROCKER တွေက တစ်မြို့လုံးနီးပါး။
တကယ်တမ်းပွဲနေ့ကြတော့လည်း အားကစားရုံကြီး တစ်ခုလုံး ပွင့်ထွက်မတတ် ပူပူလောလောကြီးမှာ ROCK ကြ။
ဒါတွေအားလုံးဟာ “အဆိုတော် လေးဖြူ စင်ပေါ်ပြန်တက်ပြီ” ဆိုတဲ့ သတင်းကနေ မြစ်ဖျားခံတာပါပဲ။

အဲဒီသတင်းထွက်တုန်းက ကျွန်တော်ဘတ်စ်ကားဂိတ်မှာ မြို့ထဲသွားဖို့ ဘတ်စ်ကားစောင့်နေတုန်း ဂျာနယ်တစ်စောင်ထဲမှာ မျက်နှာဖုံးသတင်းအနေနဲ့ တွေ့လိုက်ရတာပါပဲ။ တွေ့တွေ့ ခြင်းတော့ “အင်း ဒီဂျာနယ်တွေ လျှောက်အမှားတွေလုပ်ပြန်ပြီ”။ အဲဒါနဲ့ ကောက်ဖတ်လိုက်တော့မှ “လေးဖြူ နာဂစ်ရန်ပုံငွေရှိုးအတွက်စင်ပေါ်ပြန်တက်ပြီ” ဆိုတာသိလို်က်ရတယ်။ သိသိခြင်း “ဒီရှိုးတော့ ငါသွားကြည့်ပြီ” လို့ မှတ်လိုက်တော့တယ်…နောက်တဆက်တည်း လေးဖြူဟာ ဒီရှိုးတစ်ခုတည်းသာ လူသားခြင်းစာနာတဲ့ အနေနဲ့ ဆိုမှာဖြစ်ကြောင်းရေးထားတော့ သွားကြည့်ဖို့ပိုသေချာသွားတယ်… ကိုယ်ကိုတိုင်ကလည်း ဒီနာဂစ်မှာ တော်တော်လေး Feel ဖြစ်နေတော့ လေးဖြူ၊နာဂစ်ရန်ပုံငွေပွဲ ဆိုတာနဲ့ အငတ်ခံပြီး ကြည့်မယ်ဆုံးဖြတ်လိုက်တာ…
အစတုန်းကတော့ july 24 ထင်တယ်။ အဲဒီကတည်းက လက်မှတ်ဝယ်ဖို့ တစ်သောင်းကို reserve လုပ်ထားလိုက်တယ်…ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်လတိတိနောက်ဆုတ်ပြီး aug 24 မှ တကယ်လုပ်မှာဆိုတာသေချာသွားတယ်။ ဒီကြားထဲ လက်မှတ်ဘယ်မှာရောင်းတာ၊ ရောင်းတဲ့နေ့ထက်စောပြီး ဆိုင်တွေမှာရှောက်မေးနေတာတွေ မပြောတော့ပါဘူး…
တကယ်ကြည့်ချင်တာက ၉၀၀၀ တန်းကဗျ။ ရှိုးနေ့ အမိုက်ဆုံးအတန်းက တစ်သောင်းတန်းလည်းမဟုတ်ဘူး၊ တစ်သောင်းခွဲတန်းလဲမဟုတ်ဘူး၊ VIPတန်း၊ Invited Guest တန်း တစ်ခုမှမဟုတ်ဘူး။ ၉၀၀၀တန်း မတ်တတ်ရပ်ကြည့်ရတဲ့အတန်းပဲ။ တကယ့် ROCK တန်းဆိုပါတော့။ ဒါပေမယ့် ၁၀၀၀၀တန်းကပဲလက်မှတ်ဝယ်လို့ရခဲ့တယ်ပေါ့။
IC ပွဲတို့ရဲ့ ထုံးစံအတိုင်း ၅နာရီစမယ်ဆိုတဲ့ အချိန်တိကျစွာပဲ ငါးနာရီတိတိ မှာနာဂစ်တုန်းကမြင်ကွင်းတွေ ပရိုဂျက်တာပေါ်မှာပြပြီး “နေရောင်အောက်က အသက်ရှုသံများ” သီချင်းနဲ့စဖွင့်ပါတယ်။ ပွဲမစခင် နေ့လည်နှစ်နာရီလောက် ကတည်းက နေပူကြီးထဲစောင့်၊ အထဲရောက်တော့လည်း ဆောင်းဘောက်စ်နဲ့ ဖွင့်ပေးထားတဲ့ လေးဖြူသီချင်းတွေလိုက်ဆို၊ “လေးဖြူ လေးဖြူ” ဆိုတဲ့ ဟစ်ကြွေးသံတွေကတော့ အိုင်စီပရိသတ်တွေ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဟစ်ကြွေးခဲ့ကြတဲ့အသံတွေပေါ့။ ဒီနေ့တော့ အကျယ်လောင်ဆုံးနဲ့ အားအရဆုံးဖြစ်လိမ့်မယ်။ အဲဒီနောက် လေးဖြူက “ညီငယ်များက ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးအောင်ကူညီကြပါ။ တစ်ယောက်တစ်လှည့်စီ ဆိုပေးပါ့မယ်။ ကျွန်တော်ကပိုဆိုပေးပါ့မယ်။ ချစ်လို့။”ဆိုတော့ လက်ခုပ်သံတွေများတော်တော်နဲ့မရပ်တော့..။ အငဲကလဲ “ခင်ဗျားတို့နဲမတွေ့ရတာတော်တော်ကြာပြီ…(လေးဖြူဖက်လက်ညှိုးထိုးပြီး) ဟိုလူကြီးနဲ့ဆို သုံးနှစ်လောက်ရှိရောပေါ့”..။

အများဆုံးဆိုသွားတဲ့ သီချင်းတွေကတော့ ဟိုးတုန်းက အမာခံ ROCK သီချင်းတွေပါပဲ...။လွန်ခဲ့တဲ့ ၁၅နှစ်လောက်က သီချင်းတွေပေါ့ သေခြင်းရဲ့တံခါးများ၊ ထွက်ပေါက်၊ စုန်းမ၊ ဒီရေဒီလှေ တို့တွေပါပဲ...။ အဲဒီနောက် အငဲ၊မျိုးကြီး၊ဝိုင်ဝိုင်းတို့တွေ တစ်ယောက်တစ်လှည့်စီပေါ့...ကျွန်တော်လဲ လေးဖြူုကို အဓိက အားထားပြီးသွားတာဆိုတော့ သူ့သီချင်းအများစုပဲမှတ်မိတယ်...နောက် အငဲရဲ့ ခါး၊အလွမ်းခရီးသည်၊ အငဲရဲ့ နောက်ထပ်ငိုဖို့သီချင်းအသစ် “အချစ်ဦးပုံပြင်”၊ ကမ်းမရှိတဲ့အချစ် ...အများကြီးပဲဗျ...သီချင်းအပုဒ်လေးဆယ်လောက်ဆိုတာ ဘယ်လိုလုပ်မှတ်မိမှာလဲ...။
လေးဖြူ အလှည့်တစ်ခေါက်ပြန်ရောက်တော့ “ကျွန်တော် ကျွန်တော့်ညီလေးကို ခေါ်တဲ့သီချင်းဆိုပါမယ်”ဆိုပြီး အိမ်ကိုပြန်ခဲ့တော့ ကို မျိုးကြီးနဲ့ အတူဆိုပါတယ်…သီချင်းပြီးတော့ မျိုးကြီးက “ဒီသီချင်းကို မဆိုရတာ သုံးနှစ်လောက်ရှိပြီ မဆိုတာကြာလို့လားမသိဘူး ဆိုလို့ကောင်းလိုက်တာဗျာ” လေးဖြူကို အားလုံးက မျှော်လင့်နေကြတာပါ….။

အဲဒီနေ့ မိုးလုံလေလုံ အားကစားရုံက တကယ့်ကို မိုးလုံလေလုံပဲဗျို့..။ ပူလိုက်တာဗျာ..။ ဆိုတဲ့သူလဲပူ အားပေးတဲ့သူလဲပူ ပူပူရော့ခ်ပွဲတော်ကြီးပေါ့..။ အဆိုတော်တွေလဲ ဒီလောက်ပူလိမ့်မယ်ထင်ပုံမရဘူး... မျိုးကြီးကလဲ ထွက်လာပြီး “ယောင်္ကျားလေးတွေကတော့ ပူရင် အင်္ကျီချွတ်ထားကြပါ.. မိန်းကလေးတွေတော့...” အငဲကတော့ သည်းမခံနိုင်တော့ဘူးထင်ပါရဲ့ “ပျော်လဲပျော်ပါရဲ့ ပူလဲပူပါရဲ့ ခေါင်းတွေလဲကိုက်နေပါပြီ ခင်ဗျားတို့လဲ ဆိုကြဦးလေ”တဲ့။ ပူတာကတော့ တကယ်ကိုပူပါတယ်…ဘာစိတ်ကူးနဲ့ အဲယားကွန်းမဖွင့်တာလဲ စဉ်းစားလို့ကိုမရဘူး။ မရှိတာပဲလား။ ဒါတော့မဟုတ်လောက်ဘူး။ ကျွန်တော်အရင်တုန်းက အဲဒီမှာ သွားသွားကစားဖူးတာပဲ။ အဲယားကွန်းမှအေးလို့။ထားပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ရောခ့်ကာတွေပဲ ဒီလောက်ကတော့ ဘာမှူမလဲ..။(ကျွန်တော်အပါအဝင်ပေါ့ဟီဟိ”)
အဲဒီလို ပြောပြီးတဲ့ နောက် မဆိုတာကြာပြီဖြစ်တဲ့ “ဒီဇင်ဘာ” ကိုလေးဖြူ၊ အငဲ၊ မျိုးကြီး သုံးယောက်ဆိုပါတယ်။ ပွဲစဉ်တစ်လျှောက်လုံး တစ်ပုဒ်နဲ့ တစ်ပုဒ်အနားမှာ “လေးဖြူ လေးဖြူ ” နဲ့အော်သံတွေကတော့ ဆူညံနေတာပါပဲ ဒါပေမယ့် ဝိုင်ဝိုင်းတက်လာပြီး တယ်လီဖုန်းတို့ အမှိုက်တို့ ဆိုတော့လဲ လိုက်အားပေးခုန်ပေါက်ကြတာ ပါပဲ…။အဲဒါကို အိုင်စီ ပရိသတ်လို့ ခေါ်ပါတယ်…။

နောက်ဆုံး လေးဖြူတက်လာပြီး “ကျွန်တော်တို့ အစီအစဉ် နောက်ဆုံးအနေနဲ့…” လို့လဲပြောလိုက်ရော အောက်ကနေ “မပြန်ဘူး မပြန်ဘူး ” နဲ့အော်လိုက်ကြတာ…လေးဖြူလဲ “ဟုတ်ပါပြီ…ကြားချလိုက် နှစ်ပုဒ်ပိုဆို ပေးမယ်..ကျေနပ်ပြီလား” ပြီးတော့ နောက်မှာ ညှိနေကြရတာပေါ့…။ အဲဒိနောက် “ကျွန်တော် တစ်ပုဒ်ဆိုမယ် ခင်ဗျားတို့ လဲ တစ်ပုဒ်ဆိုပေါ့” ပြီးတော့ “ပြန်လာပါတော့” ကိုဆိုပါတယ်…နောက်ဆုံး လေးဖြူလို့ဖြစ်လာစေခဲ့တဲ့ အလင်းရောင် ကို အားလုံးဝိုင်းဆိုကြရင်း IC ROCK ပွဲတော်ကြီးပြီးခဲ့ပါကြောင်း မကြည့်လိုက်ရသော ပြည်တွင်းပြည်ပမှ IC ပရိသတ်အပေါင်းတို့…။

အဲပြောဖို့ တစ်ခုမေ့သွားတယ်….ဆိုလိုတွေအကြောင်းပြောဖို့…။အိုင်စီထုံးစံ အတိုင်း ဆိုလိုတွေပါတာပေါ့ ဒီနေ့တော့ ထူးထူးခြားခြားပွဲဖြစ်တဲ့ အတိုင်း ဆိုလိုတွေ တော်တော်များများကို ထည့်ထားတယ်…သီချင်းထဲမှာရော သီးသန့် ဆိုလို လက်စွမ်းပြတာတွေရောပေါ့..။ကျွန်တော်ဖြင့် သီချင်းတွေထက် ဆိုလိုတွေပဲ နားထဲစွဲနေမိတယ်…ကိုယ်တိုင်ကကြိုက်တာကိုး…။

ပွဲပြီးလို့ ထွက်သာလာခဲ့ရတယ်… စိတ်ကတော့ အားကစားရုံထဲမှာ ကျန်နေဆဲပဲ…။ လေးဖြူ၊လေးဖြူ ဆိုတဲ့အသံတွေ ကြားနေရဆဲပဲ…။ ဒီလောက်များတဲ့ လူတွေနဲ့ ပွဲမျိုးတစ်ခါမှမကြည့်ဖူးဘူး။ လေးဖြူကလဲ “ဒီလောက်များတဲ့ ပရိသတ်ကို ဆိုမပြဖူးဘူးဗျာ…။ ဒီညတော့ကျွန်တော်ဘယ်လိုမှ မေ့လို့ရမယ့် ညမဟုတ်တော့ပါဘူး”…ဟုတ်ပါတယ် ကိုလေးဖြူ ခင်ဗျားတင်မဟုတ်ဘူး ကျွန်တော်တို့လဲ မေ့လို့မရတော့ပါဘူး…။ ဒီပွဲကြည့်ပြီးမှ မြန်မာပြည်မှာ ရော့ခ်ကာ အမာခံကြီးတွေ တော်တော်များများရှိနေပါသေးလားလို့ စိတ်ထဲမှာ ဖြေသာရာရတော့တယ်…။ ROCK ကဆက်ရှိနေမှာပါ… အဲဒီလိုပဲ အိုင်စီက ဆက်ရှိနေမှာပါ… အဲဒီလိုပဲ လေးဖြူဆိုတာလဲ မြန်မာပြည်ရဲ့ ရော့ခ်သူရဲကောင်းတစ်ဦး…ထို့ထက်ပိုပြီး…လူသားချင်းစာနာတတ်တဲ့ ROCKERတစ်ဦးအဖြစ် ဆက်လက်တည်ရှိသွားဦးမှာပါ…။
ROCK WILL NEVER DIES!!!

(စာကြွင်း… စက်တင်ဘာ ၇ရက်နေ့မှာ တောင်ကြီးမှာလား မန္တလေးမှာလားမသိပါ ICရဲ့ ပုံမှန် ရှိုးပွဲ ရှိပါတယ်…အဲဒီမှာလေးဖြူမပါတော့ပါ…)