Thursday, August 28, 2008

နာဂစ်အလှူပွဲ သို့ The night when ROCK Resurrected

Posted by Andy
လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ရန်ကုန် ရော့ခ်ကာတွေ အားခဲခဲ့ကြတဲ့ပွဲ။

လက်မှတ်တစ်စောင် သောင်းကျော် နှစ်သောင်း ကောလဟလတွေထွက်နေပေမယ့် ဘယ်လောက်ပေးရပေးရ ကြည့်မှာပဲဆိုတဲ့ ROCKER တွေက တစ်မြို့လုံးနီးပါး။
တကယ်တမ်းပွဲနေ့ကြတော့လည်း အားကစားရုံကြီး တစ်ခုလုံး ပွင့်ထွက်မတတ် ပူပူလောလောကြီးမှာ ROCK ကြ။
ဒါတွေအားလုံးဟာ “အဆိုတော် လေးဖြူ စင်ပေါ်ပြန်တက်ပြီ” ဆိုတဲ့ သတင်းကနေ မြစ်ဖျားခံတာပါပဲ။

အဲဒီသတင်းထွက်တုန်းက ကျွန်တော်ဘတ်စ်ကားဂိတ်မှာ မြို့ထဲသွားဖို့ ဘတ်စ်ကားစောင့်နေတုန်း ဂျာနယ်တစ်စောင်ထဲမှာ မျက်နှာဖုံးသတင်းအနေနဲ့ တွေ့လိုက်ရတာပါပဲ။ တွေ့တွေ့ ခြင်းတော့ “အင်း ဒီဂျာနယ်တွေ လျှောက်အမှားတွေလုပ်ပြန်ပြီ”။ အဲဒါနဲ့ ကောက်ဖတ်လိုက်တော့မှ “လေးဖြူ နာဂစ်ရန်ပုံငွေရှိုးအတွက်စင်ပေါ်ပြန်တက်ပြီ” ဆိုတာသိလို်က်ရတယ်။ သိသိခြင်း “ဒီရှိုးတော့ ငါသွားကြည့်ပြီ” လို့ မှတ်လိုက်တော့တယ်…နောက်တဆက်တည်း လေးဖြူဟာ ဒီရှိုးတစ်ခုတည်းသာ လူသားခြင်းစာနာတဲ့ အနေနဲ့ ဆိုမှာဖြစ်ကြောင်းရေးထားတော့ သွားကြည့်ဖို့ပိုသေချာသွားတယ်… ကိုယ်ကိုတိုင်ကလည်း ဒီနာဂစ်မှာ တော်တော်လေး Feel ဖြစ်နေတော့ လေးဖြူ၊နာဂစ်ရန်ပုံငွေပွဲ ဆိုတာနဲ့ အငတ်ခံပြီး ကြည့်မယ်ဆုံးဖြတ်လိုက်တာ…
အစတုန်းကတော့ july 24 ထင်တယ်။ အဲဒီကတည်းက လက်မှတ်ဝယ်ဖို့ တစ်သောင်းကို reserve လုပ်ထားလိုက်တယ်…ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်လတိတိနောက်ဆုတ်ပြီး aug 24 မှ တကယ်လုပ်မှာဆိုတာသေချာသွားတယ်။ ဒီကြားထဲ လက်မှတ်ဘယ်မှာရောင်းတာ၊ ရောင်းတဲ့နေ့ထက်စောပြီး ဆိုင်တွေမှာရှောက်မေးနေတာတွေ မပြောတော့ပါဘူး…
တကယ်ကြည့်ချင်တာက ၉၀၀၀ တန်းကဗျ။ ရှိုးနေ့ အမိုက်ဆုံးအတန်းက တစ်သောင်းတန်းလည်းမဟုတ်ဘူး၊ တစ်သောင်းခွဲတန်းလဲမဟုတ်ဘူး၊ VIPတန်း၊ Invited Guest တန်း တစ်ခုမှမဟုတ်ဘူး။ ၉၀၀၀တန်း မတ်တတ်ရပ်ကြည့်ရတဲ့အတန်းပဲ။ တကယ့် ROCK တန်းဆိုပါတော့။ ဒါပေမယ့် ၁၀၀၀၀တန်းကပဲလက်မှတ်ဝယ်လို့ရခဲ့တယ်ပေါ့။
IC ပွဲတို့ရဲ့ ထုံးစံအတိုင်း ၅နာရီစမယ်ဆိုတဲ့ အချိန်တိကျစွာပဲ ငါးနာရီတိတိ မှာနာဂစ်တုန်းကမြင်ကွင်းတွေ ပရိုဂျက်တာပေါ်မှာပြပြီး “နေရောင်အောက်က အသက်ရှုသံများ” သီချင်းနဲ့စဖွင့်ပါတယ်။ ပွဲမစခင် နေ့လည်နှစ်နာရီလောက် ကတည်းက နေပူကြီးထဲစောင့်၊ အထဲရောက်တော့လည်း ဆောင်းဘောက်စ်နဲ့ ဖွင့်ပေးထားတဲ့ လေးဖြူသီချင်းတွေလိုက်ဆို၊ “လေးဖြူ လေးဖြူ” ဆိုတဲ့ ဟစ်ကြွေးသံတွေကတော့ အိုင်စီပရိသတ်တွေ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ဟစ်ကြွေးခဲ့ကြတဲ့အသံတွေပေါ့။ ဒီနေ့တော့ အကျယ်လောင်ဆုံးနဲ့ အားအရဆုံးဖြစ်လိမ့်မယ်။ အဲဒီနောက် လေးဖြူက “ညီငယ်များက ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြီးအောင်ကူညီကြပါ။ တစ်ယောက်တစ်လှည့်စီ ဆိုပေးပါ့မယ်။ ကျွန်တော်ကပိုဆိုပေးပါ့မယ်။ ချစ်လို့။”ဆိုတော့ လက်ခုပ်သံတွေများတော်တော်နဲ့မရပ်တော့..။ အငဲကလဲ “ခင်ဗျားတို့နဲမတွေ့ရတာတော်တော်ကြာပြီ…(လေးဖြူဖက်လက်ညှိုးထိုးပြီး) ဟိုလူကြီးနဲ့ဆို သုံးနှစ်လောက်ရှိရောပေါ့”..။

အများဆုံးဆိုသွားတဲ့ သီချင်းတွေကတော့ ဟိုးတုန်းက အမာခံ ROCK သီချင်းတွေပါပဲ...။လွန်ခဲ့တဲ့ ၁၅နှစ်လောက်က သီချင်းတွေပေါ့ သေခြင်းရဲ့တံခါးများ၊ ထွက်ပေါက်၊ စုန်းမ၊ ဒီရေဒီလှေ တို့တွေပါပဲ...။ အဲဒီနောက် အငဲ၊မျိုးကြီး၊ဝိုင်ဝိုင်းတို့တွေ တစ်ယောက်တစ်လှည့်စီပေါ့...ကျွန်တော်လဲ လေးဖြူုကို အဓိက အားထားပြီးသွားတာဆိုတော့ သူ့သီချင်းအများစုပဲမှတ်မိတယ်...နောက် အငဲရဲ့ ခါး၊အလွမ်းခရီးသည်၊ အငဲရဲ့ နောက်ထပ်ငိုဖို့သီချင်းအသစ် “အချစ်ဦးပုံပြင်”၊ ကမ်းမရှိတဲ့အချစ် ...အများကြီးပဲဗျ...သီချင်းအပုဒ်လေးဆယ်လောက်ဆိုတာ ဘယ်လိုလုပ်မှတ်မိမှာလဲ...။
လေးဖြူ အလှည့်တစ်ခေါက်ပြန်ရောက်တော့ “ကျွန်တော် ကျွန်တော့်ညီလေးကို ခေါ်တဲ့သီချင်းဆိုပါမယ်”ဆိုပြီး အိမ်ကိုပြန်ခဲ့တော့ ကို မျိုးကြီးနဲ့ အတူဆိုပါတယ်…သီချင်းပြီးတော့ မျိုးကြီးက “ဒီသီချင်းကို မဆိုရတာ သုံးနှစ်လောက်ရှိပြီ မဆိုတာကြာလို့လားမသိဘူး ဆိုလို့ကောင်းလိုက်တာဗျာ” လေးဖြူကို အားလုံးက မျှော်လင့်နေကြတာပါ….။

အဲဒီနေ့ မိုးလုံလေလုံ အားကစားရုံက တကယ့်ကို မိုးလုံလေလုံပဲဗျို့..။ ပူလိုက်တာဗျာ..။ ဆိုတဲ့သူလဲပူ အားပေးတဲ့သူလဲပူ ပူပူရော့ခ်ပွဲတော်ကြီးပေါ့..။ အဆိုတော်တွေလဲ ဒီလောက်ပူလိမ့်မယ်ထင်ပုံမရဘူး... မျိုးကြီးကလဲ ထွက်လာပြီး “ယောင်္ကျားလေးတွေကတော့ ပူရင် အင်္ကျီချွတ်ထားကြပါ.. မိန်းကလေးတွေတော့...” အငဲကတော့ သည်းမခံနိုင်တော့ဘူးထင်ပါရဲ့ “ပျော်လဲပျော်ပါရဲ့ ပူလဲပူပါရဲ့ ခေါင်းတွေလဲကိုက်နေပါပြီ ခင်ဗျားတို့လဲ ဆိုကြဦးလေ”တဲ့။ ပူတာကတော့ တကယ်ကိုပူပါတယ်…ဘာစိတ်ကူးနဲ့ အဲယားကွန်းမဖွင့်တာလဲ စဉ်းစားလို့ကိုမရဘူး။ မရှိတာပဲလား။ ဒါတော့မဟုတ်လောက်ဘူး။ ကျွန်တော်အရင်တုန်းက အဲဒီမှာ သွားသွားကစားဖူးတာပဲ။ အဲယားကွန်းမှအေးလို့။ထားပါတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ရောခ့်ကာတွေပဲ ဒီလောက်ကတော့ ဘာမှူမလဲ..။(ကျွန်တော်အပါအဝင်ပေါ့ဟီဟိ”)
အဲဒီလို ပြောပြီးတဲ့ နောက် မဆိုတာကြာပြီဖြစ်တဲ့ “ဒီဇင်ဘာ” ကိုလေးဖြူ၊ အငဲ၊ မျိုးကြီး သုံးယောက်ဆိုပါတယ်။ ပွဲစဉ်တစ်လျှောက်လုံး တစ်ပုဒ်နဲ့ တစ်ပုဒ်အနားမှာ “လေးဖြူ လေးဖြူ ” နဲ့အော်သံတွေကတော့ ဆူညံနေတာပါပဲ ဒါပေမယ့် ဝိုင်ဝိုင်းတက်လာပြီး တယ်လီဖုန်းတို့ အမှိုက်တို့ ဆိုတော့လဲ လိုက်အားပေးခုန်ပေါက်ကြတာ ပါပဲ…။အဲဒါကို အိုင်စီ ပရိသတ်လို့ ခေါ်ပါတယ်…။

နောက်ဆုံး လေးဖြူတက်လာပြီး “ကျွန်တော်တို့ အစီအစဉ် နောက်ဆုံးအနေနဲ့…” လို့လဲပြောလိုက်ရော အောက်ကနေ “မပြန်ဘူး မပြန်ဘူး ” နဲ့အော်လိုက်ကြတာ…လေးဖြူလဲ “ဟုတ်ပါပြီ…ကြားချလိုက် နှစ်ပုဒ်ပိုဆို ပေးမယ်..ကျေနပ်ပြီလား” ပြီးတော့ နောက်မှာ ညှိနေကြရတာပေါ့…။ အဲဒိနောက် “ကျွန်တော် တစ်ပုဒ်ဆိုမယ် ခင်ဗျားတို့ လဲ တစ်ပုဒ်ဆိုပေါ့” ပြီးတော့ “ပြန်လာပါတော့” ကိုဆိုပါတယ်…နောက်ဆုံး လေးဖြူလို့ဖြစ်လာစေခဲ့တဲ့ အလင်းရောင် ကို အားလုံးဝိုင်းဆိုကြရင်း IC ROCK ပွဲတော်ကြီးပြီးခဲ့ပါကြောင်း မကြည့်လိုက်ရသော ပြည်တွင်းပြည်ပမှ IC ပရိသတ်အပေါင်းတို့…။

အဲပြောဖို့ တစ်ခုမေ့သွားတယ်….ဆိုလိုတွေအကြောင်းပြောဖို့…။အိုင်စီထုံးစံ အတိုင်း ဆိုလိုတွေပါတာပေါ့ ဒီနေ့တော့ ထူးထူးခြားခြားပွဲဖြစ်တဲ့ အတိုင်း ဆိုလိုတွေ တော်တော်များများကို ထည့်ထားတယ်…သီချင်းထဲမှာရော သီးသန့် ဆိုလို လက်စွမ်းပြတာတွေရောပေါ့..။ကျွန်တော်ဖြင့် သီချင်းတွေထက် ဆိုလိုတွေပဲ နားထဲစွဲနေမိတယ်…ကိုယ်တိုင်ကကြိုက်တာကိုး…။

ပွဲပြီးလို့ ထွက်သာလာခဲ့ရတယ်… စိတ်ကတော့ အားကစားရုံထဲမှာ ကျန်နေဆဲပဲ…။ လေးဖြူ၊လေးဖြူ ဆိုတဲ့အသံတွေ ကြားနေရဆဲပဲ…။ ဒီလောက်များတဲ့ လူတွေနဲ့ ပွဲမျိုးတစ်ခါမှမကြည့်ဖူးဘူး။ လေးဖြူကလဲ “ဒီလောက်များတဲ့ ပရိသတ်ကို ဆိုမပြဖူးဘူးဗျာ…။ ဒီညတော့ကျွန်တော်ဘယ်လိုမှ မေ့လို့ရမယ့် ညမဟုတ်တော့ပါဘူး”…ဟုတ်ပါတယ် ကိုလေးဖြူ ခင်ဗျားတင်မဟုတ်ဘူး ကျွန်တော်တို့လဲ မေ့လို့မရတော့ပါဘူး…။ ဒီပွဲကြည့်ပြီးမှ မြန်မာပြည်မှာ ရော့ခ်ကာ အမာခံကြီးတွေ တော်တော်များများရှိနေပါသေးလားလို့ စိတ်ထဲမှာ ဖြေသာရာရတော့တယ်…။ ROCK ကဆက်ရှိနေမှာပါ… အဲဒီလိုပဲ အိုင်စီက ဆက်ရှိနေမှာပါ… အဲဒီလိုပဲ လေးဖြူဆိုတာလဲ မြန်မာပြည်ရဲ့ ရော့ခ်သူရဲကောင်းတစ်ဦး…ထို့ထက်ပိုပြီး…လူသားချင်းစာနာတတ်တဲ့ ROCKERတစ်ဦးအဖြစ် ဆက်လက်တည်ရှိသွားဦးမှာပါ…။
ROCK WILL NEVER DIES!!!

(စာကြွင်း… စက်တင်ဘာ ၇ရက်နေ့မှာ တောင်ကြီးမှာလား မန္တလေးမှာလားမသိပါ ICရဲ့ ပုံမှန် ရှိုးပွဲ ရှိပါတယ်…အဲဒီမှာလေးဖြူမပါတော့ပါ…)

5 comments:

Anonymous said...

လေးဖြူတို့ရဲ့ ဆန်းပွင့်ချက်ကတော့ ရှယ်ပဲဗျာ။

Chaos said...

ကြည့်ချင်လိုက်တာ
အားကျတယ်
လေးဖြူကြီး ရှိုးဆိုတာ မကြည့်ရတာကြာပေါ့

Anonymous said...

လေးဖြူရဲ့ အပြုံးလေးနဲ့ ရယ်သံ ခပ်သဲ့2 လေးကို လွမ်းတယ်

Unknown said...

လွတ်သွားတာ နာတယ်ဗျာ......
မနာလိုဘူးဗျို့..........

NangNyi said...

ကြည့်မယ်လုပ်ပြီးမှ သောက်တုတ်ကွေးကြောင့် မကြည့်လိုက်ရဘူး ... လုံးဝမနာလိုဘူး .. ပြီးတော့ Andy .. နင်ရေးထားတာတွေဖတ်ပြီး မျက်ရည်တောင်ဝဲ တယ် .. (ကြည့်ချင်လွန်းလို့) ..