Monday, August 25, 2008

Relative Pitch/ Intervals

Posted by Freshup
Relative Pitch မှာ အဓိကကျတာကတော့ Interval တွေပါပဲ။ Relative Pitch ရဲ့ သဘောတရားကို က သိပြီးသားနုတ်တစ်ခုနဲ့ နှိုင်းယှဉ်ပြီး နောက်နုတ်တစ်ခုကို ခန့်မှန်းတဲ့ အတွက် နုတ်နှစ်ခုကြားထဲက ခြားသွားတဲ့ အသံ Interval ကိုသိမှသာ ဖြစ်ပါလိမ့်မယ်။ Interval တွေရဲ့ အခေါ်အဝေါ်တွေကတော့..

I ---- Unison or Primer
IIb -- Minor Second
II --- Major Second
IIIb - Minor Third
III -- Major Third
IV --- Perfect Fourth
IV# -- Augumented Fourth ( or Diminished Fifth, Vb )
V ---- Perfect Fifth
VIb -- Minor Sixth
VI --- Major Sixth

VIIb - Minor Seventh
VII -- Major Seventh

အင်တာဗယ်တွေအကြောင်းကို မသိသေးရင်တော့ အပေါ်ကဟာတွေကို ကြည့်ပြီး ခေါင်းရှုပ်သွားနိုင်ပါတယ်။ သဘောတရားကတော့ ရိုးရိုးလေးပါ။ ဥပမာအနေနဲ့ C ကီးကိုပဲကြည့်မယ်ဆိုရင်..


C D E F G A B C.. နံပါတ်နဲ့ ရေးတဲ့ အခါ I II III IV V VI VII စသဖြင့်ရှိမှာဖြစ်ပါတယ်။
ပေါ်မှာ ပြထားတဲ့ ဇယားကပြောချင်တာက I နဲ့ II ကြားကအကွာအဝေးကို Major Second လို့ခေါ်ပါတယ်၊ I နဲ့ IIb ကြားက အကွာအဝေးကို Minor Second လို့ခေါ်ပါတယ်၊ စသဖြင့်..။ အဲဒီသဘောပါ။ ဒီတော့ A B C နဲ့ ပြောမယ်ဆိုရင်.. C နဲ့ D ကြားက အကွာအဝေးဟာ Major Second လို့ခေါ်ပါတယ်။ C နဲ့ E နဲ့ အကွာအဝေးကို Major Third စသဖြင့် C ကနေစတင်ရေတွက်ပြီး အင်တာဗယ်တွေကို ခေါ်ဝေါ်ထားပါတယ်။ D, E, F ကိုယ်ကြိုက်တဲ့ အသံကနေ ရေတွက်လို့ရပါတယ်။ ဥပမာအနေနဲ့ C ကိုပေးထားခြင်းသာဖြစ်ပါတယ်။

တနည်းအားဖြင့် အင်တာဗယ်တွေရဲ့ အကွာအဝေးကို Whole Tone, Half Tone အနေနဲ့ မှတ်နိုင်ပါတယ်။ ဥပမာ C နဲ့ D ရဲ့ ကြားမှာ Whole Tone ကွာဝေးပါတယ် ( C Db D )။ ဒီလို Whole Tone တစ်ခုကွာဝေးတဲ့ အင်တာဗယ်ကို Major Second လို့ ပြောနိုင်ပါတယ်။ C နဲ့ Db ဆို Half Tone တစ်ခုပဲကွာပြီး Minor Second အင်တာဗယ်လို့ခေါ်ပါတယ်။ အင်တာဗယ်အကြာင်းနည်းနည်းသဘောပေါက်သွားရင် အပေါ်က ဇယားကို ပြန်ကြည့်ပြီး ဘယ်ကနေ ဘယ်အကွာအဝေးဆို ဘယ်လိုခေါ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။

Augumented Fourth နေရာမှာ နှစ်မျိုး ခေါ်ဝေါ်ထားတာကို တွေ့ပါလိမ့်မယ်။ အမှန်ကတော့ အင်တာဗယ်တိုင်းကို နှစ်မျိုး သုံးမျိုး အမျိုးမျိုး ခေါ်နိုင်ပါတယ်။ ဥပမာ Augmented Fourth ကို Diminished Fifth၊ Minor Third ကို Augmented Second စသဖြင့် အမျိုးမျိုး ခေါ်လို့ရပါတယ်။

Major Interval တစ်ခုကို Half Tone နှိမ့်လိုက်တဲ့ အခါ Minor ဖြစ်သွားတာကိုတော့ သတိထားမိလောက်ပါပြီ ( III = Major Third, IIIb = Minor Third, II = Major Second, IIb = Minor Second )
အခေါ်အဝေါ်တွေကို ရေးသားပုံ သတ်မှတ်ပုံတွေကတော့ အောက်ပါအတိုင်းပါ။

-Major Interval တစ်ခုကို Half Tone မြှင့်လိုက်တဲ့ အခါ Augmented ဖြစ်သွားပါတယ်။
သဘောကတော့ Major Second (II) ကို Half Tone မြှင့်လိုက်တဲ့ အခါ ( II#, Sharp လုပ်လိုက်ခြင်း) သူ့ကို Augmented Second လို့ခေါ်ပါတယ်။ II# ဆိုတာ IIIb နဲ့ တူတူပါပဲ။ ဒီတော့ IIIb ကို Minor Third လို့ခေါ်နိုင်သလို Augmented Second လို့လဲခေါ်နိုင်ပါတယ်။

-Major Interval တစ်ခုကို Half Tone နှစ်ခုနှိမ့်လိုက်တဲ့ အခါ Diminished ဖြစ်သွားပါတယ်။
ှုဥပမာ Major Third ကို Half Tone နှစ်ခု နှိမ့်လိုက်တဲ့ အခါ ( IIIbb) Diminished Third လို့ခေါ်ပါတယ်။ IIIbb ဆိုတာ II ပါပဲ။ ဒါကြောင့် Major Second လို့ခေါ်နိုင်သလို Diminished Third လို့လဲခေါ်နိုင်ပါတယ်။

-Minor Interval တစ်ခုကို Half Tone နှစ်ခုစာ မြှင့်လိုက်တဲ့ အခါ Augmented ဖြစ်သွားပါတယ်။
ဥပမာ Minor Second ကို Half Tone နှစ်ခု မြှင့်တဲ့ အခါ ( II#) ဖြစ်သွားပြီး အဲဒါကို Augmented Second လို့ခေါ်ပါတယ်။ အပေါ်မှာလဲ ပါပြီးသားပါ။

-Minor Interval တစ်ခုကို Half Tone တစ်ခုစာနှိမ့်လိုက်တဲ့ အခါ Diminished ဖြစ်သွားပါတယ်။
ဥပမာ Minor Seventh ကို Half Tone တစ်ခုနှိမ့်လိုက်တဲ့ အခါ ( VIIbb ) ဖြစ်သွားပြီး အဲဒါကို Diminished Seventh လို့ခေါ်ပါတယ်။ Major Seventh ကို Half Tone နှစ်ခုစာနှိမ့်တဲ့ သဘောနဲ့ အတူတူပါပဲ။ VIIbb ဆိုတာ VI နဲ့ တူတူပါပဲ။ ဒါကြောင့် VI ဆိုတာ Major Sixth Interval လို့ပြောနိုင်သလို Diminished Seventh Interval လို့လဲပြောနိုင်ပါတယ်။

-Perfect Interval တစ်ခုကို Half Tone တစ်ခုစာ မြှင့်လိုက်တဲ့ အခါ Augmented ဖြစ်သွားပါတယ်။
ဥပမာ Perfect Fourth ကို Half Tone တစ်ခုမြှင့်တဲ့ ခါ (IV#) Augmented Fourth ဖြစ်သွားပါတယ်။

-Perfect Interval တစ်ခုကို Half Tone တစ်ခုစာ နှိမ့်လိုက်တဲ့ အခါ Diminished ဖြစ်သွားပါတယ်။
ဥပမာ Perfect Fourth ကို Half Tone တစ်ခု နှိမ့်လိုက်တဲ့ အခါ ( IVb) Diminished Fourth လို့ခေါ်ပါတယ်။ IVb ဟာ III နဲ့ တူတူပါပဲ။ ဒါကြောင့် Major Third လို့ ခေါ်နိုင်သလို Diminished Fourth လို့ခေါ်နိုင်ပါတယ်။

ဒါလေးတွေကတော့ သူ့ဥပဒေသ လို့ပဲပြောမလား သတ်မှတ်ချက်လေးတွေပဲပြောမလား... အဓိက ကတော့ အမျိုးမျိုး ခေါ်လို့ရတယ်ဆိုတာပါပဲ။ IV# နဲ့ Vb နဲ့ အတူတူပဲဖြစ်ပေမဲ့ IV# ကို Augmented Fourth လို့ခေါ်ပြီး Vb ကိုတော့ Diminished Fifth လို့ခေါ်ဝေါ်တာမျိုးကိုလဲ သတိထားသင့်ပါတယ်။ သဘောကတော့ အတူတူပေမဲ့ အခေါ်အဝေါ်ပြောင်းသွားခြင်းပါ။ အောက်မှာကတော့ အနှစ်ချုပ်အနေနဲ့ ဇယားလေးပါ။ အင်တာနက်ကရှာကြည့်ပြီး သင့်တော်တာလေးတင်ပေးလိုက်ပါတယ်။ ဒီ့ထက်ပိုပြီး ပြည့်စုံတဲ့ ဇယားတွေ့မိရင် ပြောင်းပြီးတင်ပေးပါ့မယ်။


Interval Name Abbreviation Step Distance Fret Distance
Unison
U None
(Same note)
0
Minor Second
m2 half step
1
Major Second M2 whole step
2
Minor Third
m3 Whole Step + Half Step
3
Major Third
M3 2 Whole Step 4
Perfect Fourth
P4 2 Whole Steps + Half Step
5
Augmented Fourth
Diminished Fifth
Tritone
A4
D4
TT
3 Whole Steps
6
Perfect Fifth P5 3 Whole Steps + Half Step
7
Minor Sixth
m6 4 Whole Steps 8
Major Sixth
M6 4 Whole Steps + Half Step
9
Minor Seventh m7
5 Whole Steps
10
Major Seventh
M7
5 Whole Steps + Half Step
11
Octave Oct
6 Whole Steps
(Same Note Name)
12



Perfect Pitch and Relative Pitch

Posted by Freshup
ဂီတမှာ Hearing လို့ခေါ်တဲ့ အကြားအာရုံ ကလဲ တော်တော်အရေးပါပါတယ်။ သီချင်းတစ်ခုကိုနားထောင်ပြီး သီချင်းမှာ ပါတဲ့ အသံတွေ၊ နုတ်တွေကို တိတိကျကျကြားနိုင်ခြင်းဟာလဲ ဂီတပညာရှင်တွေရဲ့ အရည်အခြင်း တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုကြားတဲ့ နေရာမှာ Perfect Pitch နဲ့ Relative Pitch ဆိုပြီး နှစ်မျိုး သတ်မှတ်ထားကြပါတယ်။

Perfect Pitch ( Absolute Pitch )

Perfect Pitch ဆိုတာကတော့ ထူးထူးခြားခြား အရည်အခြင်းတစ်ခုလို့ ယူဆကြပါတယ်။ နုတ်တစ်ခုကို ကြားတာနဲ့ အသံဟာ ဘယ်နုတ် ဖြစ်ပါတယ် ဆိုပြီး ပြောနိုင်ခြင်းကို Perfect Pitch လို့ခေါ်ခြင်းပါ။ ဥပမာ နုတ်တစ်ခုကို ကြားလိုက်တဲ့ အခါ Perfect Pitch ကိုပိုင်ဆိုင်တဲ့ သူတစ်ယောက်က သူကြားလိုက်တဲ့ နုတ်ဟာ A ဖြစ်ပါတယ်။ F# ဖြစ်ပါတယ်။ E ဖြစ်ပါတယ်.. စသဖြင့် တန်းပြီး ပြောနိုင်ခြင်းကို ဆိုလိုတာပါ။ ဒီလို အရည်အခြင်းမျိုးဟာ တော်ယုံတန်ယုံ မရှိနိုင်ပါဘူး။ ဒီအရည်အခြင်းမျိုးကို ရရှိဖို့ လေ့ကျင့်ယူလို့လဲ မရဘူးလို့ ယုံကြည်ကြပါတယ်။ ဒီလိုအရည်အခြင်းမျိုး ပိုင်ဆိုင်သူများဟာ တော်တော်ရှားပါးပါတယ်။

Relative Pitch

Relative Pitch ဆိုတာကတော့ နုတ်တစ်ခုနဲ့ တစ်ခုကြားက အကွာအဝေး အင်တာဗယ်ကို တွက်ချက်ပြီး တီးလိုက်တဲ့ နုတ်ဟာ ဘာလဲဆိုတာကို ပြောခြင်းဖြစ်ပါတယ်။ ဒီလိုပြောနိုင်ဖို့အတွက်က နုတ်တစ်လုံးကို အရင်ဆုံး ပြပေးထားမှရပါတယ်။ ဥပမာ ပြောရရင် နုတ်တစ်လုံးကို တီးလိုက်ပြီး ဒီနုတ်ကတော့ C ဖြစ်ပါတယ် ဆိုပြီး အသိပေးထားရပါတယ်။ ပြီးတဲ့ အခါ မှ D နုတ်ကို တီးလိုက်ပြီး ခုဘယ်နုတ်ကို တီးလိုက်လဲ လို့ မေးလိုက်ရင် Relative Pitch ကို ပိုင်တဲ့သူက D ဆိုတာကို တန်းပြောနိုင်ပါတယ်။ C နဲ့ D ကြားက အင်တာဗယ်ကို Relative Pitch ကိုပိုင်နိုင်တဲ့ သူက တိတိကျကျ သိပြီး D ဆိုတာကိုပြောနိုင်ခြင်းပါ။ ဒါကြောင့် Relative Pitch နဲ့ နုတ်တွေကို ဖော်ထုတ်ဖို့မှာ နှိုင်းယှဉ် ဖို့အတွက် Reference Note တစ်လုံးလုံး လိုပါတယ်။ နှိုင်းယှဉ်ဖို့ မရှိပဲနဲ့ ကတော့ နုတ်အမည်ကို ဖော်ထုတ်ဖို့မဖြစ်နိုင်ပါ။ ဒီ Relative Pitch ကတော့ လေ့ကျင့်ယူလို့ရပါတယ်။ ဂီတပညာရှင်တွေဟာ ဒီ Relative Pitch ကိုပိုင်နိုင်ကြသူများဖြစ်ပါတယ်။

Perfect Pitch ကတော့ ရှားပါးတဲ့ အရည်အခြင်းမျိုး၊ မွေးကတည်းက ပါလာမှ ရှိနိုင်တဲ့ အရည် အခြင်း တစ်ခု လို့သတ်မှတ်ထားကြပေမဲ့ Relative Pitch ကတော့ လေ့ကျင့်မှုများလာတဲ့ အခါ၊ တူရိယာ တစ်ခုကို ပိုင်နိုင်တဲ့ အခါမျိုးမှာ အခြေခံသဘောလောက်ကို အလိုလိုသိနေတတ်ပါတယ်။ ဒီ Relative Pitch ကိုအမှန်တစ်ကယ် ပိုင်နိုင် ဖို့ကတော့ လေ့ကျင့်မှုတွေ အများကြီး လိုပါတယ်။ Relative Pitch ရဲ့ အခြေခံသဘောတရား လေးတွေကို တော့ နောက်တစ်ပိုစ့်မှာ သိသလောက်ဖော်ပြပါ့မယ်။

Friday, August 15, 2008

မင်းနဲ့ ကိုယ့်ရဲ့အေ့ကြာင်း.. ( ကိုကေတီအမ် ဆီမှ )

Posted by Freshup
လေးဖြူရဲ့ မင်းနဲ့ ကိုယ့်ရဲ့ အကြောင်း ဂစ်တာပရိုတက်ပ် ပါ။ ကိုကေတီအမ် ရေးထားတာပါ။ ကိုကေတီအမ်ကလဲ သူ့ဘလောဂ်မှာ တင်ထားပါတယ်။ ( ဒီကိုနှိပ် )။ ဂစ်တာပရိုမရှိသူတွေအတွက် ဓါတ်ပုံအနေနဲ့ ရောကြည့်လို့ရအောင် ပြည့်ပြည့်စုံစုံလုပ်ပေးထားပါတယ်။
ကျွန်တော်ကတော့ ဂစ်တာပရိုဖိုင်နဲ့ တက်ပ်လေးတွေများလာတာကို ၀မ်းသာမိပါတယ်။ သူ့တက်ပ်တွေကို ကျွန်တော့်ဘလော့ဂ်မှာတင်ခွင့်ပေးတဲ့ ကိုကေတီအမ်ကိုလဲ အထူးကျေးဇူးတင်ပါတယ်။ ၀ါသနာရှင်တွေ ဒီတက်ပ်လေးတွေကြောင့် နည်းနည်းအကျိုးရှိသွားရင်ပဲ ၀မ်းသာပါတယ်။
တက်ပ်အတွက်ကျေးဇူးတင်ချင်ရင်တော့ ကိုကေတီအမ် ရဲ့ ဘလောဂ်မှာ သွားရောက်တင်နိုင်ပါတယ်။

မင်းနဲ့ ကိုယ့်ရဲ့အကြောင်း (လေးဖြူ)(K.T.M)

Friday, August 1, 2008

ဂစ်တာပရိုထဲက Tool လေး တစ်ခု နှစ်ခု

Posted by Freshup
ဂစ်တာပရိုကို ဂစ်တာ တက်ပ်တွေ ရေးဖို့.. ကြည့်ဖို့ အတွက် အသုံးပြုရာမှာ တော်တော် အဆင်ပြေတာကိုတော့ ဂစ်တာပရို အသုံးပြုတဲ့ ဂစ်တာပရိုကြိုက်နှစ်သက်သူတွေ သိမှာပါ။ ဒါပေမဲ့ ဂစ်တာပရို ကိုသုံးစွဲသူ တော်တော်များများကတော့ ဂစ်တာပရိုမှာပါတဲ့ Tool လေး တစ်ခုနှစ်ခုကို သတိမပြုမိကြပါဘူး။

သတိမပြုမိတဲ့ Tool လေးတစ်ခုကတော့ ဂစ်တာပရိုမှာပါတဲ့ MIDI Tuner နဲ့ Digital Tuner ပါ။ ကိုယ့်မှာ ဂစ်တာပရိုရှိနေရင် ဂစ်တာကြိုးညှိဖို့အတွက် တစ်ခြား ဘာ ဆော့ဖ်ဝဲ မှထပ်ထည့်ထားစရာမလိုတော့ပါဘူး။ ဂစ်တာပရိုကို အသုံးပြုပြီး ညှိနိုင်ပါတယ်။
MIDI Tuner ကိုအသုံးပြုဖို့ကတော့ ဂစ်တာပရို ကိုဖွင့်ပြီးရင်.. Menu Bar က Track > Properties ကနေပြီး ဖွင့်လိုက်ရုံပါပဲ။ အောက်ကပုံစံလေးထွက်လာမှာပါ။

အဲဒီမှာ ကိုယ်ကြိုက်တဲ့ Tuning တွေကို ရွေးချယ်ပြီး သူ့အသံကို နားထောင်ပြီးညှိနိုင်ပါတယ်။ Tuning အမျိုးပေါင်း တော်တော်များများပေးထားတာကိုတွေ့ရပါလိမ့်မယ်။ ( ဒီ Tool ကို ဂစ်တာပရို တက်ပ် တွေရေးတဲ့ နေရာမှာ အဓိက အသုံးပြုပါတယ်။ ကိုယ့်ဂစ်တာကို ကြိုးညှိဖို့အတွက်လဲ ပေါ်မှာဖော်ပြထားသလို အသုံးပြုနိုင်ပါတယ်။ )

Digital Tuner ကတော့ ကိုယ့်ဂစ်တာသံကို မိုက် ( Mic ) နဲ့ညှိရုံပါပဲ။ Digital Tuner က အသံမှန်ပြီလားမမှန်သေးဘူးလားဆိုတာကို ပြပေးပါလိမ့်မယ်။ Menu Bar က Tools > Digital Guitar Tuner ကို နှိပ်လိုက်ရုံပါပဲ။

ဒီ Tool ကတော့ ဂစ်တာကြိုးညှိဖို့အတွက်သက်သက်ထည့်ပေးထားတာပါ။ Digital Tuner ဆော့ဖ်ဝဲတွေနဲ့ တူတူပါပဲ။ ကိုယ်က ဂစ်တာရဲ့ နံပါတ် ၆ ကြိုးကို ညှိမယ်ဆိုရင် ပြထားတဲ့ Low E Button လေးကို နှိပ်ထားလိုက်ရုံပါပဲ။ ပြီးရင် မိုက်ရှေ့မှာ ဂစ်တာရဲ့ ၆ ကြိုးကိုတီးပေါ့လေ။ အသံမှန်သွားရင် ပုံမှာပြထားတဲ့ အတိုင်း အလယ်တဲ့တဲ့ မှာ မြှားလေးကပြနေတာကိုတွေ့ရမှာပါ။

နောက် Tool လေးတစ်ခုကတော့ အဲဒီ့ Digital Tuner ရဲ့ အောက်တည့်တည့်မှာပဲတွေ့ရမှာပါ။ Menu Bar က Tools > Scales ။ Digital Guitar Tuner ရဲ့ အောက်မှာတွေ့ရပါလိမ့်မယ်။

သူ့ကိုတော့ Scales တွေလေ့လာဖို့အတွက်အသုံးပြုနိုင်ပါတယ်။ စကေးပေါင်းတော်တော်များများရဲ့ Interval တွေ.. ပါဝင်တဲ့ အသံတွေကို ပြပေးပါတယ်။ စကေးတွေကို ဂစ်တာ Fretboard ပေါ်က အနေအထားကိုပါကြည့်ချင်တယ်ဆိုရင်တော့ Menu Bar က View > Fretboard ဆိုတာကို ဖွင့်ထားလိုက်ပါ။ စကေးတွေကို ဂစ်တာဖရက် ပေါ်မှာရှိနေတဲ့ အနေအထားတွေကိုတွေ့ရမှာပါ။
ဒီ Tool မှာ Scale Finder ဆိုတဲ့ Tool လေးတစ်ခုထပ် ပါလာပါသေးတယ်။ ဒီ Scale Finder ဆိုတာကတော့ ကိုယ်က ဘယ် ဘား ကနေ ဘယ် ဘားအတွင်းကို ရှာပါလို့ နှိပ်လိုက်ရင် သူက ဒီဘားအတွင်းမှာ ဘယ်စကေးက ဘယ်နှစ်လုံးပါတယ်.. ဘယ်စကေးက ဘယ်နှစ်လုံးပါတယ် စသဖြင့်ပြပေးတာပါ။ သုံးလို့တော့ သိပ်မကောင်းပါဘူး။ စကေးတွေလေ့လာဖို့ကတော့ တော်တော်ကောင်းတဲ့ Tool လေးပါ။

နောက်ထပ် Guitar Pro မှာပါတဲ့ အသုံးဝင်တဲ့ Tool လေးကတော့ တော်တော်များများသတိမပြုမိကြတဲ့ ဟာလေးပါ။ အဲဒါကတော့ ဂစ်တာပရိုမှာပါတဲ့ Chord Library ပါ။ သူ့ကိုဖွင့်ချင်ရင်တော့ Menu Bar က Note > Chord ဆိုတာကို နှိပ်လိုက်ပါ။


အပေါ်မှာပြထားသလိုတွေ့ရပါလိမ့်မယ်။ ဒီ Tool ကတော့ ဂစ်တာတက်ပ် တွေရေးတဲ့ အခါ chord တွေထည့်ရင်လဲ အသုံးပြုသလို.. chord တွေကို လေ့လာရင် ကြည့်ချင်ရင်လဲ အသုံးပြုနိုင်ပါတယ်။ တော်တော်လေးကို ပြည့်ပြည့်စုံစုံ ပါပါတယ်။ ဒီလို chord library ဆောဖ့်ဝဲတွေကို သီးခြားပေါပေါများများတွေ့နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ့သီးခြား software တွေဟာ ဂစ်တာပရိုမှာပါတဲ့ chord library လောက်ပြည့်စုံမှုမရှိပါဘူး။ သုံးကြည့်ရင် ကြိုက်သွားမှာပါ။

ဒါကတော့ ဂစ်တာပရိုမှာပါတဲ့ သိပ်သတိမထားမိကြတဲ့ Tools လေးတွေပါ။ အလွန်အသုံးဝင်ပါတယ်။ လေ့လာရင်ဖြစ်ဖြစ် တက်ပ်တွေရေးရာမှာ အသုံးပြုရင်ဖြစ်ဖြစ် တော်တော်အသုံးဝင်ပါတယ်။ ဂစ်တာပရိုကတော့ ဂစ်တာသမားတစ်ယောက်အတွက် အလွန်ကို အသုံးဝင်တဲ့ Software တစ်ခုပါပဲဗျာ။

Saturday, July 26, 2008

ဂီတအနှစ်သာရ သီချင်းနှစ်ပုဒ်

Posted by Freshup
ဒီရက်ပိုင်း ပိုစ့်အသစ်မတင်ဖြစ်ဘူးဖြစ်နေတယ်။ အားလဲနာပါတယ်။ ဒါပေမဲ့ စိတ်ကလဲ မရေးတာကြာသွားလို့ လားမသိ.. ရေးဖို့ကို သိပ်စိတ်မပါဖြစ်နေတယ်။ တက်ပ် အသစ်ရေးဖို့ကလဲ.. ဂစ်တာက မရှိဖြစ်နေတယ်ဗျာ..။ အီလက်ထရစ် ဂစ်တာကတော့ သူငယ်ချင်းနဲ့ တစ်ယောက်တစ်လှည့်၊ သူက ဂစ်တာစိုက် ကျွန်တော်က Amp စိုက်ပေါ့လေ.။ သူ့ဆီကဂစ်တာပြန်ရောက်လာတော့ ကြိုးတွေကလဲ ပြတ်နေပြီ..။ ကျွန်တော့် ရှိတဲ့ Acoustic လေးကလဲ ကြိုးတွေ ပြတ်..။ အနီးအနားမှာကလဲ ဂစ်တာကြိုး က၀ယ်လို့မရဘူးဗျာ..။ ကိုယ်ပိုင် အီလက်ထရစ် ဂစ်တာလေး တစ်လုံးမှ ခုထိမ၀ယ်နိုင်သေးတာကိုလဲ တွေးတွေးပြီး......... ဆွေးတယ်ပေါ့ဗျာ..။ စိတ်လေးနည်းနည်း ညစ်နေလို့ရင်ဖွင့်မိတာပါ။ .. ဒီရက်ပိုင်းကတော့ Steve Vai ရဲ့ Lotus Feet နဲ့ Whispering A Prayer နှစ်ပုဒ်ကို တော်တော်လေးကိုနားထောင်ဖြစ်နေတယ်..။
ဒီနှစ်ပုဒ်ကို အရင်ကတည်းက တော်တော်စွဲလမ်းမိတာပါ..။ ခုရက်ပိုင်း အပြန်ပြန်အလှန်လှန်နားထောင်ရင်းနဲ့ အရမ်းကို ကြိုက်မိနေတယ်ပေါ့လေ။

Lotus Feet ကတော့ Steve Vai ရဲ့ Real Illusions: Reflections Album ထဲကပါ။ ဒီသီချင်းက Orchestra ကိုနောက်ခံထားပြီး Melody လှလှလေးတွေနဲ့ ဖန်တီးထားတာပါ။ သီချင်းရဲ့ အစမှာ Orchestra ရဲ့ ပုလွေသံလေးတွေ တယောသံလေးတွေကို သာသာယာယာကြားရမှာပါ..။ Orchestra နဲ့ အင်ထရိုလေး ၃၊ ၄ ဘားလောက်ဝင်ပြီးတော့မှ Steve Vai ရဲ့ ဂစ်တာကထွက်လာတဲ့ အလွန်လှပတဲ့ Melody လေးကိုကြားရမှာပါ။
ပုံမှန်အားဖြင့်တော့ Orchestra ကိုနောက်ခံထားပြီး.. တယော၊ piano၊ စတဲ့ တူရိယာတွေကိုသာတီးခတ်ကြတာများပါတယ်။ ဂစ်တာသမားတစ်ယောက်က Orchestra တီးဝိုင်းကြီးရှေ့မှာ သူ့ရဲ့ guitar instrumental သီချင်းတွေကိုတီးတာမျိုးကတော့ တော်တော်ရှားပါတယ်။ ကျွန်တော်ကြည့်ဖူးသလောက်ကတော့ Steve Vai နဲ့ Malmsteen နှစ်ယောက်လောက်ပဲကြည့်ဖူးပါတယ်။
Lotus Feet မှာ Orchestra နောက်ခံနဲ့ မို့ အရသာက တစ်မျိုးတစ်မည်ခံစားရပါတယ်..။ သီချင်းကို တစ်ဝက်လောက်ရောက်တဲ့ အထိ သူ့ရဲ့ မယ်လိုဒီ အနှေးလေးနဲ့ပဲ လှလှပပ ဖော်ကျုးသွားပြီး သီချင်းတစ်ဝက်ကျော်ကျော်လောက်မှာ သီချင်းရဲ့ ခံစားမှုအရှိန်ကတစ်ဖြည်းဖြည်းမြင့်လာပါတယ်။ သူ့ရဲ့ ဂစ်တာရဲ့ တီးလုံးတွေ Riff တွေကလဲ မြန်လာသလို.. နောက်က Orchestra ရဲ့ အသံတွေကလဲ ပိုကျယ်လာ.. စုံလင်လာပါတယ်.။ ကျွန်တော်အကြိုက်ဆုံးနေရာကတော့ ဒီသီချင်းရဲ့ သီချင်းရှိန်အမြင့်ဆုံးနေရာဖြစ်တဲ့ (ဇာတ်လမ်း ရုပ်ရှင်ဆိုရင်တော့ ဇာတ်ရှိန်မြင့်တယ်လို့ပြောကြတယ်၊ ) ဂစ်တာကလဲ အမြန်ဆုံး တီးထားပြီး နောက်ခံ Orchestra ကလဲ အသံတွေမြိုင်မြိုင်ဆိုင်ဆိုင် အဖြစ်ဆုံးနေရာ ကိုအကြိုက်ဆုံးပါ။ ဒီအရှိန် အမြင့်ဆုံးနေရာပြီးသွားတဲ့နောက်မှာတော့ သူ့မယ်လိုဒီ အေးအေး လေးနဲ့ ပဲ ပြန်အဆုံးသတ်သွားပါတယ်..။ အလွန်ကောင်းတဲ့သီချင်းပါ..။ နားမထောင်ဖူးသေးရင် နားထောင်ကြည့်သင့်ပါတယ်။

Whispering A Prayer ကတော့ ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ သီချင်းလို့ယူဆမိပါတယ်။ ဒီသီချင်းရဲ့ Melody ကတော့ ဘယ်သီချင်းနဲ့ မှယှဉ်လို့မရအောင်ကို သာယာလွန်းပါတယ်။ ခုနပြောခဲ့တဲ့ Lotus Feet လိုပဲ ဒီသီချင်းမှာလဲ သီချင်းရှိန်က တစ်ဖြည်းဖြည်းနဲ့ မြင့်လာတာမျိုးဖြစ်ပါတယ်။ ဒီသီချင်းမှာကတော့ Effect ပိုင်းမှာပါ Steve Vai ကဖော်ကျုးထားတဲ့ အတွက် ပိုပြီးပြည့်စုံကောင်းမွန်တဲ့ သီချင်းလို့ယူဆမိတာပါ။

သီချင်းရဲ့ တစ်ဝက်လောက်အထိကို Steve Vai က သူ့ရဲ့ ဂစ်တာကြိုးတွေကို guitar pick နဲ့ မ pick ပါဘူး။ သူ့ညာဘက်လက် ကို ဂစ်တာရဲ့ Whammy Bar ပေါ်မှာပဲတင်ထားပြီး Sustain သံတွေနဲ့ တီးသွားတာပါ။ ဒါကြောင့် ဒီသီချင်းရဲ့ အစပိုင်းမှာ သူ့ရဲ့ ဂစ်တာသံက ထူးထူးခြားခြား သာယာနေတာကို တွေ့ရမှာပါ။ ဂစ်တာကြိုးကို pick လို့ထွက်လာတဲ့ အသံမဟုတ်ပဲ Sustain နဲ့ ထွက်လာတဲ့ အသံတွေမို့လို့ အရမ်းကို နားဝင်ချိုပါတယ်။( Effect အကြောင်းတော့ ဆက်မရွှီးတော့ပါဘူး ) သူ့ရဲ့ Melody ကလဲ အားကောင်းလွန်းလို့ အဲဒီသံစဉ်လေးကို ဘယ်သူမဆို နားထောင်မိလိုက်ရင် စွဲလမ်းသွားမှာ အသေအချာပါပဲ။

ဒီသီချင်းနှစ်ပုဒ်ကို တော်တော်လေးကို စွဲလမ်းမိပါတယ်။ သီချင်းရဲ့ တစ်ချို့ နေရာတွေက ၀မ်းနည်းစရာ သံစဉ်လေးတွေလို့ ခံစားမိပါတယ်။ တစ်ချို့ နေရာတွေကတော့ ပေါက်ကွဲထွက်သွားတဲ့ သံစဉ်တွေတီးလုံးတွေလို့ ခံစားမိပါတယ်။ ဂီတရဲ့ အနှစ်သာရ တွေကို ခံစားခွင့်ရနိုင်တဲ့ သီချင်းနှစ်ပုဒ်လို့ ယူဆမိပါတယ်ဗျာ။

Saturday, July 12, 2008

လေးဖြူ အလွမ်းများ

Posted by Freshup
လေးဖြူ ရဲ့ အလွမ်းများ သီချင်းတစ်ပုဒ်လုံးအတွက် ဂစ်တာပရို Tab ပါ။ အဆုံးသတ်ကတော့ ပိုကောင်းအောင် မလုပ်နိုင်၊ မလုပ်ချင်တော့ တာနဲ့ ဒီတိုင်းလေးပဲထားလိုက်ပါတယ်။

ဒီ တက်ပ် မှာကတော့ Electric Guitar သံနဲ့ Acoustic ဂစ်တာသံကို ဂစ်တာပရိုမှာ Track ၂ ခု ခွဲမနေတော့ ပဲ Track တစ်ခုထဲမှာပဲ Mix Table Function နဲ့ Electric နေရာရောက်ရင် Electric သံပြောင်းလိုက်၊ Acoustic နေရာရောက်ရင် Acoustic သံပြောင်းလိုက်နဲ့ လုပ်ထားတာကြောင့်၊ ဂစ်တာပရိုမှာ တက်ပ်ကို ကျော်ပြီးကြည့်လိုက်ရင် Track ကိုစထားတဲ့ အသံ ပြန်ပြန်ဖြစ်သွားတာကိုတွေ့ရပါလိမ့်မယ်။ ဂစ်တာပရိုမှာတင်မဟုတ်ပဲ MIDI ကိုနားထောင်နေရင်းနဲ့ ကျော်လိုက်ရင်လဲ ဖြစ်တာကို တွေ့ရပါတယ်။ တက်ပ် တွေနုတ်တွေအနေနဲ့ ကတော့ အမှားလေးတွေပါပေမဲ့ ကြည့်ပြီး နည်းနည်းလေး အကျိုးရှိသွားရင်ပဲ အပင်ပမ်းခံရကျိုးနပ်ပါပြီ။

ဒီသီချင်းက Fair Warning ရဲ့ Long Gone ကိုကော်ပီထားတာဖြစ်ပေမဲ့ အဲဒီသီချင်းအတွက် တက်ပ် ကတော့ အင်တာနက်ပေါ်မှာမရှိပါ။ အခုတက်ပ်မှာ ဆိုလိုလေးကိုလဲ တတ်နိုင်သမျှ တိကျအောင်လုပ်ထားပါတယ်။
လေးဖြူ ရဲ့ ပင်လယ်အော်သံ စီးရီးထဲက အလွမ်းများ ပုံစံကိုလုပ်ထားတာပါ။

Zip ကိုဖြည်လိုက်ရင် Track မခွဲပဲလုပ်ထားတာတစ်ခု၊ Track တွေခွဲထားတာတစ်ခု ပြီးတော့ မီဒီ တစ်ခုတွေမှာပါ။ မီဒီကတော့ ရိုးရိုးသီချင်းဖွင့်တဲ့ media player တစ်ခုခုနဲ့ ဖွင့်လိုလဲရပါတယ်။

အလွမ်းများ (လေးဖြူ)

Thursday, June 26, 2008

လွမ်းတဲ့စိတ် (မျိုးကြီး)

ပိုစ့်အသစ်တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာတော်တော်ကြာသွားပြီ။ ဘလောဂ် ကို ရောက်လာတဲ့သူတွေကိုလည်း အားနာပါတယ်။ အဲဒါနဲ့ အခု ဟိုတစ်လောကတည်းက လုပ်နေတဲ့ မျိုးကြီးရဲ့ လွမ်းတဲ့စိတ် သီချင်းအတွက် guitar pro tab ကိုပဲတင်လိုက် ပါတယ်။ ဒီသီချင်းကို လုပ်နေတာကြာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက လုပ်လိုက် ရပ်လိုက်နဲ့ ကြားမှာတော်တော်ကြာ မလုပ်ပဲ ထားပြီး ဟိုတစ်နေ့ကမှ သေချာလေးပြန်လုပ်မိပါတယ်။


ဒီတစ်ခေါက်တော့ ဂစ်တာပရိုနဲ့ အတူ MIDI ဖိုင်ကို ပါတစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ ဂစ်တာပရိုမသုံးတဲ့ သူတွေအတွက် MIDI ဖိုင်က ရိုးရိုး media player တစ်ခုခုနဲ့ လဲ သီချင်းဖွင့်သလိုဖွင့်လို့ရပါတယ်။ MIDI ဖိုင်ကို ဂစ်တာပရိုမဟုတ်ပဲ တစ်ခြား MIDI ဖတ်တဲ့ Software တစ်ခုခုနဲ့ ဖွင့်ရင်လဲ နုတ်စ်တွေ ပေါ်လာမှာပါ။
ဒီသီချင်းကို တော့ တတ်နိုင်သမျှ ကောင်းကောင်းလေးဖြစ်အောင်လုပ်ထားပါတယ်။ အမှာအယွင်းလေးတွေအတွက်ကတော့ ခွင့်လွှတ်ပေးပါ။

အမှန်တော့ဒီသီချင်းက Mr. Big ရဲ့ If That's What It Takes ပါ။ ဒါပေမဲ့ ဒီသီချင်းရဲ့ Tab ကို ဘယ် Tab ဆိုဒ်မှာမှ ရှာမရပါဘူး။ Tab ကိုလိုချင်ရင်တော့ အောက်ကလင်ခ့်မှာယူလိုက်ပါ။ IC unplugged version ပါ။

လွမ်းတဲ့စိတ် (မျိုးကြီး)